အစ္စလမ္မာဘတ် ဇန်နဝါရီ ၉
ပါကစ္စတန်နိုင်ငံမြောက်ပိုင်း မူရီးဒေသ၌ ခရီးသွားများ၏မော်တော်ယာဉ်အများအပြား ဆီးနှင်းခဲများအတွင်း သောင်တင်ခဲ့ပြီးနောက် ခရီးသည် ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ပြောကြားသည်။
မူရီးဒေသမှ အပြန်ခရီးလမ်း၌ လမ်းများပေါ်တွင် ဆီးနှင်းများ အလွန်အမင်းကျဆင်းမှုကြောင့် မော်တော်ယာဉ် ထောင်နှင့်ချီသောင်တင်ခဲ့ပြီး အအေးဓာတ်လွန်ကဲမှုကြောင့် ခရီးသွား ၁၆ ဦးထက်မနည်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ရှိတ်ခ်ရာရှစ်အာမက်က ပြောကြားသည်။
အလွန်အေးခဲသော ရာသီဥတုအခြေအနေတွင် သောင်တင်နေသော မော်တော်ယာဉ်များပေါ်ရှိ ခရီးသွားများကို စောင်များပံ့ပိုးပေးကြရန်လည်း ဒေသခံများအား ပြည်ထဲရေးဝန်ကြီးက တောင်းဆိုထားသည်။ ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုကြောင့် မော်တော်ယာဉ်အများအပြားကိုလည်း ဆီးနှင်းများက ဖုံးလွှမ်းသွားကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားသည်။
လက်ရှိအချိန်၌ မူရီးဒေသသို့ ဆက်သွယ်သည့် ကားလမ်းကိုလည်း ပိတ်ထားကြောင်း သိရသည်။ သောင်တင်နေသော လူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးရန် ပါကစ္စတန်အရန်တပ်ဖွဲ့ဝင်များအား ခရိုင်အုပ်ချုပ်ရေးရုံးက တောင်းဆိုထားသည်။
မြို့တော်အစ္စလမ္မာဘတ်မှ အရှေ့မြောက်ဘက် ကီလိုမီတာ ၆၀ ခန့်အကွာတွင်တည်ရှိသော မူရီးဒေသ၏ ရှုခင်းသာ အပန်းဖြေစခန်းသည် နှစ်စဉ် ဆောင်းရာသီတွင် ခရီးသွားထောင်နှင့်ချီ၍ ဆွဲဆောင်လျက်ရှိသည့် ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ