ဇန်နဝါရီ ၈
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခီပါပတ့်ထခ်ဟွာပြည်နယ်တွင် ရဲကားတစ်စီးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်ငါးဦးသေဆုံးပြီး အခြား ၁၄ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးနှင့်ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။
အဆိုပါဗုံးပေါက်ကွဲမှုသည် ယင်းပြည်နယ်ရှိ ဘာဂျာခရိုင်တွင် ယနေ့မနက်ပိုင်းက ရဲကားတစ်စီးအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့၏ပြောကြားချက်အရ သိရသည်။
ထိုခရိုင်ရှိ ပိုလီယိုကာကွယ်ဆေးထိုးနှံမှုလုပ်ဆောင်သောအဖွဲ့များအား ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးတာဝန်ယူဆောင်ရွက်နေစဉ် ၎င်းတို့အား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့များရောက်ရှိလာပြီး ဒဏ်ရာရသူများအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ဒဏ်ရာရသူများ၏အခြေအနေစိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ဖော်ပြထားသည်။
ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်း၏လက်ချက်ဖြစ်သည်ကို မသိရှိရသေးချေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို