အစ္စလာမာဘတ် အောက်တိုဘာ ၈
ပါကစ္စတန်နိုင်ငံတွင် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးအတွက် ရေကြီးရေလျှံမှု ကြိုတင်သတိပေးစနစ်ကို အဆင့်မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံပိုင် သတင်းအေဂျင်စီက အောက်တိုဘာ ၇ ရက်တွင် ပြောကြားသည်။
ယင်းစနစ်ကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက် အရေးကြီးသည့် မိုးလေဝသဆိုင်ရာ အချက်အလက်များကို ရရှိနိုင်မည်ဖြစ်ပြီး ပါကစ္စတန်မိုးလေဝသဌာနက တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။ ကန်ဒေါ်လာ ၁၀ သန်းကုန်ကျမည့် ယင်းအစီအစဉ် ဆောင်ရွက်ရေးအတွက် ကမ္ဘာ့ဘဏ်က အကူအညီပေးခဲ့ခြင်းဖြစ်သည်။
နိုင်ငံအတွင်း သဘာဝဘေးကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ရန်ပုံငွေ ၂ ဒသမ ၉၉ ဘီလီယံကို အစိုးရက သတ်မှတ်ခဲ့သည်။
သဘာဝဘေးကာကွယ်ရေး စီမံချက်အရ မိုးလေဝသစခန်းများတည်ထောင်ခြင်း၊ မိုးလေဝသခန့်မှန်းရေး ရေဒါများတပ်ဆင်ခြင်း၊ ကွန်ပျူတာစနစ်များမြှင့်တင်ခြင်းနှင့် မိုးလေဝသဝန်ထမ်းများအတွက် လေ့ကျင့်ရေးအင်စတီကျုများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။ နိုင်ငံတွင် မုတ်သုံရာသီကာလအတွင်း သဘာဝဘေးများဖြစ်ပွားခြင်းကို ကာကွယ်သည့်အနေဖြင့် ရေကြီးရေလျှံမှုသတိပေးစနစ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


