အစ္စလာမာဘတ်   အောက်တိုဘာ   ၈

ပါကစ္စတန်နိုင်ငံတွင်    သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးအတွက် ရေကြီးရေလျှံမှု   ကြိုတင်သတိပေးစနစ်ကို အဆင့်မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံပိုင် သတင်းအေဂျင်စီက အောက်တိုဘာ   ၇ ရက်တွင်  ပြောကြားသည်။

ယင်းစနစ်ကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက် အရေးကြီးသည့် မိုးလေဝသဆိုင်ရာ အချက်အလက်များကို  ရရှိနိုင်မည်ဖြစ်ပြီး  ပါကစ္စတန်မိုးလေဝသဌာနက တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။  ကန်ဒေါ်လာ ၁၀ သန်းကုန်ကျမည့် ယင်းအစီအစဉ် ဆောင်ရွက်ရေးအတွက်  ကမ္ဘာ့ဘဏ်က အကူအညီပေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံအတွင်း သဘာဝဘေးကာကွယ်ရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ရန်ပုံငွေ ၂ ဒသမ ၉၉ ဘီလီယံကို အစိုးရက သတ်မှတ်ခဲ့သည်။ 

သဘာဝဘေးကာကွယ်ရေး စီမံချက်အရ မိုးလေဝသစခန်းများတည်ထောင်ခြင်း၊  မိုးလေဝသခန့်မှန်းရေး ရေဒါများတပ်ဆင်ခြင်း၊  ကွန်ပျူတာစနစ်များမြှင့်တင်ခြင်းနှင့်  မိုးလေဝသဝန်ထမ်းများအတွက် လေ့ကျင့်ရေးအင်စတီကျုများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။ နိုင်ငံတွင်  မုတ်သုံရာသီကာလအတွင်း သဘာဝဘေးများဖြစ်ပွားခြင်းကို ကာကွယ်သည့်အနေဖြင့် ရေကြီးရေလျှံမှုသတိပေးစနစ်ကို  ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ