ပခုက္ကူ ၂၂ စက်တင်ဘာ
ပြည်သူ့ဆေးရုံကြီး၏ ဥပဓိရုပ်ကောင်းမွန်ခြင်းဖြင့် ဆေးရုံကိုလာရောက်အသုံးပြုကြသည့် လူနာနှင့် လူနာစောင့်ပြည်သူများအနေဖြင့် ခံစားနေရသည့် စိတ်သောကများ လျော့ပါးသက်သာလာစေရန် ရည်ရွယ်၍ ပခုက္ကူပြည်သူ့ ဆေးရုံကြီး၏ အုတ်တံတိုင်းအသစ်ကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၁၈ ရက်က စတင်ပြီး ပြန်လည်ဆောက်လုပ်ရာ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ပခုက္ကူမြို့၊ မြို့မလမ်းတစ်လျှောက်တွင်ရှိသည့် ပြည်သူ့ဆေးရုံကြီး၏ အုတ်တံတိုင်းကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၁၈ရက်မှ စတင်ကာ မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၏ တင်သွင်းခွင့်ပြုငွေ ကျပ်သန်းပေါင်း (၃၉)သန်း ကျော်ဖြင့် အောဇေကုမ္ပဏီကတာဝန်ယူ အသစ်ပြန်လည် ဆောက်လုပ်ခြင်းဖြစ်ပြီး အုတ်တံတိုင်း၏အလျား ၈၄၉ပေ၊ ဆေးရုံကြီး၏ အရှေ့ဘက် အုတ်တံတိုင်းအမြင့်မှာ ၇ပေ၊ ၆လက်မ၊ ဆေးရုံကြီး၏အနောက်ဘက်အမြင့်မှာ ၆ပေ၊ ၆လက်မ ရှိကြောင်း၊ လက်ရှိအချိန်တွင် ၉၀ ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကြောင်း၊ ဒီအုတ်တံကြီးကို စက်တင်ဘာလကုန်တွင် လုပ်ငန်းရာနှုန်းပြည့် ပြီးစီးအောင် ဆောက်လုပ်ရန် လျာထားကြောင်း သိရသည်။
“အနောက်ဘက်ဆေးရုံကြီးထဲမှာရှိနေတဲ့ အုတ်တံတိုင်းတွေဟာလည်း ယခင်ကတော့ ထုထည် ကြီးမားစွာ ဆောက်လုပ်ထားခဲ့ကြောင်း၊ ဒါပေမယ့် မြေရဲ့သဘောတရားကြောင့်လား၊ သက်တမ်း ကြာရှည်တာကြောင့်လားမသိ တစ်ချို့နေရာများတွင် အက်ကြောင်းများ၊ နိမ့်ဆင်းသွားသည့် နေရာများရှိကြောင်း၊ ဆောက်လုပ်ထားသည့် ဒီဇိုင်းများသည်လည်း ယခုခေတ်နှင့် လိုက်လျော ညီထွေရှိတဲ့ ဒီဇိုင်းမျိုး မဖြစ်တော့တာကြောင့် ဆေးရုံကြီးကို စတင်ရောက်ရှိကတည်းက အုတ်တံတိုင်း ကြီး ခေတ်မီလှပသန့်ရပ်ပြီး ပိုမိုကြံ့ခိုင်ရေးကောင်းဖို့အတွက် အုတ်တံတိုင်းအသစ် ပြန်လည်ပြုပြင် ဆောက်လုပ်ဖို့ရန် ဆုံးဖြတ်ခဲ့ ကြခြင်းဖြစ်ကြောင်း၊ အုတ်တံတိုင်းအဟောင်းကို ဖြိုဖျက်လိုက်တဲ့အချိန်မှာ အရှေ့ဘက်ဆေးရုံကြီးမှာ Chain link များ၊ တံခါး များ၊ အနောက်ဘက် ဆေးရုံကြီးမှာ အပေါက်ပါသည့်သံပြားများဖြင့် ဆောင်ရွက်ထားခဲ့သည့်အတွက် သံပြားအချပ်များနှင့် တံခါးများ ထွက်လာကြောင်း၊ အဲ့ဒီပစ္စည်းများကို ဆေးရုံကြီးအတွက် လိုအပ်တဲ့နေရာများ၊ ကျန်းမာရေး ဌာနအတွက် လိုအပ်တဲ့နေရာ များနှင့် အကျိုးရှိတဲ့နေရာများတွင် အသုံးချသွားမှာ ဖြစ်ကြောင်း၊ အုတ်တံတိုင်း အဟောင်းစတင်ဖြိုဖျက်ချိန်တွင် အွန်လိုင်းပေါ်၌ အမြင်အမျိုးမျိုးဖြင့် ဝေဖန်ရေးသားခြင်းများ ရှိကြောင်း၊ လုပ်ငန်းအသေးစိတ်အကြောင်းကို မသိရှိဘဲအွန်လိုင်းပေါ်၌ အမြင် ကိုယ်စီရေးသား ဝေဖန်ခြင်းသည် နှစ်ဦးနှစ်ဖက် အထင်အမြင်လွဲရုံ၊ အမုန်းစကားပွားရုံကလွဲလို့ အကျိုးရှိမှာ မဟုတ်သည့်အတွက် သိရှိလိုသည်များကို ဆေးရုံအုပ်ကြီးရုံးခန်းကို အချိန်မရွေး လာရောက်ပြီး မေးမြန်းဆွေနွေးနိုင်ကြောင်း” ပခုက္ကူမြို့၊ ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက ပြောသည်။
ဆလိုင်းကိုကီး