ပခုက္ကူ ၂၁ မေ
စိုက်ပျိုးရေးဦးစီးဌာန၊ သွင်းအားစုရောင်းချသူများနှင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူ များအဖွဲ့တို့ ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)သင်တန်းကို ယနေ့ နံနက် ၈နာရီက ပခုက္ကူမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးရန်နိုင်ဝင်းက စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားပြီး ပခုက္ကူမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစန်းလွင်က စိုက်ပျိုးရေးဆိုင်ရာအလေ့ အကျင့်ကောင်းများ(GAP)သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြေအမျိုးအစားနှင့်ဓာတ်မြေသြဇာသွင်းအားစုများ စနစ်တကျအသုံးပြုစိုက်ပျိုးနည်း၊ သီးနှံမျိုးကောင်းမျိုးသန့်များ စနစ်တကျရွေးချယ်စိုက်ပျိုးနည်း၊ GAP စိုက်ပျိုးရာတွင် တောင်သူများလိုက်နာ ဆောင်ရွက်သင့်သည့် အချက်များကို သင်တန်းပို့ချဆွေးနွေးကြသည်။
အဆိုပါသင်တန်းသို့ ကျေးရွာအုပ်စု(၁၈)အုပ်စုမှ တောင်သူ (၁၁၂)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုဇော်(ဓာတု)
