ပခုက္ကူ ဇူလိုင် ၁၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များအား Software Program ဖြင့် ထည့်သွင်းရိုက်ကူးခြင်းလုပ်ငန်းကို ဇူလိုင် ၁၉ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြဧရာ(၁)ခန်းမ၌ ဌာနဆိုင်ရာများနှင့်စုပေါင်း၍ စတင်ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၏ အနီးကြီးကြပ်ဦးဆောင်မှုတို့ဖြင့် ဆောင်ရွက်ကြခြင်းဖြစ်ပြီး မြို့နယ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သော နိုင်-၄ ကိုယ်ရေး အချက်အလက်များကိုအခြေခံကာ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုရာတွင်လည်းကောင်း၊ နိုင်ငံသားများ၏ ကိုယ်ရေးအကြောင်းအရာများကို သိရှိလိုအပ်လျှင်သော်လည်းကောင်း တိကျမှန်ကန်သော အထောက်အထားများကို အမြန်ဆုံးသိရှိနိုင်တို့အတွက် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)ပုံစံများအား Software Program စနစ်ဖြင့် ထည့်သွင်းရိုက်ကူးရခြင်းဖြစ်ကြောင်း၊ အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံရေးသွင်းရာတွင် ကန့်သတ်ကာလများအလိုက် ထည့်သွင်းရိုက်ကူးရမည်ဖြစ်ပြီး လုပ်ငန်းများ အမြန်ဆုံးပြီးစီးဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆) e-ID စနစ် Software Program ဖြင့် ထည့်သွင်းရိုက်ကူးနည်းသင်တန်း ဖွင့်လှစ်ပြီး ဌာနဆိုင်ရာများမှ ကွန်ပျူတာကျွမ်းကျင်သူ ဝန်ထမ်းများအား စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချခဲ့ပြီးဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ အိမ်ထောင်စု (၇၂၈၀၂)စု၊ လူဦးရေ (၃၂၈၇၆၉)ဦးရှိပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၃၁)ရက်နေ့အပြီး ရေးသွင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းက ပြောပြသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များအား Software Program စနစ်ဖြင့် ထည့်သွင်းရိုက်ကူးရေးလုပ်ငန်းများ အမှန်ဆုံးနှင့် အမြန်ဆုံးပြီးစီးဆောင်ရွက်နိုင်ရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ကွန်ပျူတာကျွမ်းကျင် ဝန်ထမ်းများအပြင် ပခုက္ကူမြို့ပေါ်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ရွေးကောက်ပွဲကော်မရှင်ရုံး၊ အခြေခံပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)၊ ပခုက္ကူတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ပခုက္ကူ)နှင့် စက်မှုလက်မှု အထက်တန်းကျောင်း(ပခုက္ကူ)များရှိ ကွန်ပျူတာကျွမ်းကျင်သူများကလည်း ဝို်ငးဝန်းပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)