ပခုက္ကူ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကုက္ကိုလှ၊ ကျွန်းညိုကြီး၊ မြင်းကျွန်း၊ ကျွန်းညို။ သံပုရာပင်ကုန်း၊ မှိုက်ပင်ကုန်း၊ တင်းဂါတ် ကျေးရွာအုပ်စုအတွင်းမှ ကျေးရွာများတွင် ဧရာဝတီမြစ်ရိုးတစ်လျှောက်မှ ကိုင်းကျွန်းမြေများတွင် အစေ့ထုတ်ပြောင်း (CP)၊ ငရုတ်၊ ပဲမျိုးစုံနှင့် ကုန်စိမ်းသီးနှံမျိုးစုံကို စိုက်ဧက ၄၀၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။
ဆေးရွက်ကြီးကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး မတ်လတွင် ခူးဆွတ်ရိတ်သိမ်းကြကြောင်း၊ မျိုးမှာ ဗမာဆေးရွက်ကြီးမျိုးကို အများဆုံးစိုက်ပျိုးကြပြီး ယခင်နှစ်ကထွက်ရှိသော မျိုးစေ့ကို ပျိုးထောင်စိုက်ပျိုးခြင်းအပြင် ပျိုးပင်ကို ဝယ်ယူ၍လည်း စိုက်ပျိုးကြောင်း၊ မျိုးစေ့တစ်ပြည်လျှင် ငွေကျပ် ၂၀၀၀၀ ခန့်နှင့် ပျိုးပင်တစ်ပင်ကို ငွေကျပ် ၂၀ နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ ဆေးရွက်ကြီးကို သဲနုန်းမြေအမျိုးအစားတွင် စိုက်ပျိုးကြပြီး မြေအောက်ရေအပြင် ရေလိုအပ်ပါက ရေသွင်းစိုက်ပျိုးကြောင်း၊ ပျိုးထောင်ပြီး ၄၅ ရက်အကြာတွင် မြေပေါ်သို့ချ၍ စိုက်ပျိုးကြပြီး တစ်ဧကလျှင် ဆေးရွက်ကြီးပျိုးပင် ၇၀၀၀ ခန့်စိုက်ပျိုးနိုင်ကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ငွေကျပ် သိန်း ၃၀ ခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာ ၁၁၀၀ ခန့်ထွက်ရှိပြီး တစ်ပိဿာလျှင် ငွေကျပ် ၉၀၀၀ - ၁၀၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ ငွေကျပ် သိန်း ၆၀ ခန့် အမြတ် ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မျိုး၊ သွင်းအားစု၊ အလုပ်သမားခနှင့် စက်သုံးဆီဝယ်ယူခဈေးနှုန်း ကြီးမြင့်ခြင်းတို့ကြောင့် ငွေကျပ် ၃၅ သိန်းခန့် ကုန်ကျစရိတ်ရှိကြောင်း၊ ယခုအချိန်တွင် ဆေးရွက်ကြီးအပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခင်နှစ်ကဲ့သို့ ဈေးနှုန်းကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ဆေးရွက်ကြီးစိုက်တောင်သူ တစ်ဦးထံမှ သိရသည်။
စီးပွား/ကူးသန်း