ပခုက္ကူ  ဩဂုတ် ၂၄

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ နေကြာအပါအဝင် ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအတွက် အတိုးနှုန်းသက်သာသော ချေးငွေများဖြင့် မတည်ရန်ပုံငွေ ထူထောင်ပေးမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

 

သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေး ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းများနှင့် အခြားကဏ္ဍအသီးသီးအလိုက် ရွေးချယ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးရွာများမှအပ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ဖြင့် ကျေးရွာများ အသစ်ရွေးချယ်ကာ နေကြာအပါအဝင် ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူအနည်းအများပေါ် မူတည်ပြီး စိုက်ပျိုးစရိတ်များအတွက် အတိုးနှုန်းသက်သာချေးငွေများဖြင့် အရင်းမပျောက်လည် ပတ်ရန်ပုံငွေထုတ်ချေးကာ မတည်ရန်ပုံငွေ ထူထောင်ပေးသွားမည်ဖြစ်ကြောင်း၊ ကျေးရွာများအလိုက် နေကြာအပါအဝင် မြေပဲ၊ နှမ်း စသည့် ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူဦးရေ အခြေအနေတင်ပြလာမှုအပေါ် မြို့နယ်ရုံးဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရွေးချယ်ရေးကော်မတီအဖွဲ့က စိစစ်ရွေးချယ်ကြကြောင်း၊ စီမံကိန်းဝင်ကျေးရွာတစ်ရွာတွင် ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူဦးရေ (၅၀)အောက်ရှိပါက ချေးငွေပမာဏ ကျပ်သိန်း(၁၀၀)၊ တောင်သူဦးရေ (၅၀)နှင့် (၁၀၀)အကြားရှိပါက ချေးငွေပမာဏ ကျပ်သိန်း(၂၀၀)၊ တောင်သူဦးရေ (၁၀၀)အထက်ရှိပါက ချေးငွေပမာဏငွေ ကျပ်သိန်း (၃၀၀)တို့ဖြင့် အသီးသီး ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ကျေးရွာအဆင့်ကော်မတီများ ဖွဲ့စည်းပေးခြင်း၊ စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း။

 

ယင်းစီမံကိန်းကို ကျေးရွာများတွင် ဖွဲ့စည်းပေးထားသည့် ကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာနေပြည်သူများကိုယ်တိုင် ပူးပေါင်းပါဝင်ကာ တောင်သူ၏ ဆီထွက်သီးနှံ အမျိုးအစားနှင့် စိုက်ဧကအနည်းအများ စာရင်းကောက်ယူပြီး စိစစ်ထုတ်ချေးပေးရမည်ဖြစ်ကြောင်း၊ ပခုက္ကူမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ကို ဘဲကြီးကျေးရွာ၊ ရှားပင်ကျေးရွာနှင့် ဘောလုံးခုံကျေးရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး နေကြာအပါအဝင် ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူ ၁၇၃ ဦးနှင့် သီးနှံစိုက်ခင်းဧက ၃၅၈ ဧကရှိကြောင်း ပခုက္ကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဦးစီးမှူး ဦးသန့်ဇင်ထွန်း၏ ပြောပြချက်အရ သိရသည်။

 

ပခုက္ကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြှင့်မားလာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရေးနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရေးတို့အတွက် သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်း၊ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ထွက်ကုန်များကို ဈေးကွက်အတွင်းသို့ အချိန်မီလွယ်ကူချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရေး ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်း၊ ကျေးရွာတွင်းလမ်းများ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခြင်း၊ တောင်သူများ၏ သွင်းအားစုနှင့် အရင်းအနှီးများရရှိစေရေးအတွက် စိုက်ပျိုးစရိတ်များထုတ်ချေးပေးခြင်း၊ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိသုံးစွဲနိုင်ရေး မြေသားရေလှောင်ကန်နှင့် စက်ရေတွင်းများ တူးဖော်ပေးခြင်း၊ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းလုပ်ငန်းတို့ကို စီမံကိန်းဝင်ကျေးရွာများ၏ လိုအပ်ချက်များအတိုင်း အကောင်အထည်ဖော် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)