ပခုက္ကူ ၈ စက်တင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတွင် ထောက်ပံ့ကြေးရယူရန် Ngwe Bike Application ဖြင့် စာရင်းလာရောက်ပေးသွင်းထားသည့် ကိုယ်ဝန်ဆောင်မိခင် (၁၂၉၂)ဦးရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ကာလအတွင်း ပြည်သူလူထုများ၏ လူမှုစီးပွားဘဝများအပေါ် အကျိုးသက်ရောက်မှုများ လျော့ပါးသက်သာ စေရန်ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များကို ငွေဗိုက်အစီအစဉ်ဖြင့် ထောက်ပံ့ကြေးပေးသွားမည့် အကြောင်းတို့ကို ဩဂုတ်လမှစတင်ပြီး လိုက်လံအသိပညာပေး နှိုးဆော်ကြရာ စာရင်းလာပေးသူ ( ၁၂၉၂)ဦးရှိကြောင်း ပခုက္ကူခရိုင်လူမှုဝန်ထမ်းရုံးမှ သိရသည်။
ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကို ငွေဗိုက်အစီအစဉ်ဖြင့် သုံးသောင်းစီထောက်ပံ့ကြေး ပေးသွားမည်ဖြစ်ရာ ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၈ရက်အထိ ပခုက္ကူမြို့နယ်တွင်(၁၂၉၂)ဦး၊ ရေစကြိုမြို့နယ်တွင် (၃၆၁)ဦး၊ မြိုင်မြို့နယ်တွင် (၄၇၀)၊ ပေါက်မြို့နယ် (၁၅၂)ဦး၊ ဆိပ်ဖြူမြို့နယ်တွင် (၁၀၈)ဦး စုစုပေါင်း ခရိုင်အတွင်း ကိုယ်ဝန်ဆောင်မိခင်စာရင်း(၂၃၈၃)ဦး လာရောက်စာရင်း ပေးသွင်းပြီဖြစ်ကြောင်း သိရသည်။
စာရင်းပေးသွင်းကာလမှာ စက်တင်ဘာလ (၁၅) ရက်နေ့အထိဖြစ်ပြီး စက်တင်ဘာလ (၂၀) ရက်နောက်ပိုင်းတွင် မိုဘိုင်းစနစ်ငွေလွှဲခြင်းများနှင့် ငွေသားတိုက်ရိုက်ထုတ်ပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျန်ရှိသည့် ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် ငွေဗိုက် Application ကို Dawnload ပြုလုပ်ပြီး စာရင်းပေးသွင်းရန် လိုအပ်ပြီး စာရင်းပေးသွင်းရန် အခက်အခဲရှိပါက လူမှုဝန်ထမ်းဦးစီးဌာနရုံး၊ ဖုန်းနံပါတ် ၀၉-၄၀၇၈၄၁၆၁၄ သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်း ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း၏ ပြောပြချက်အရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)


