ပခုက္ကူ ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူပညာရေးဒီဂရီကောလိပ် ကျောင်းဝန်းအတွင်းရှိ သုံးထပ်စာသင်ဆောင်(RC) အဆောက်အဦ တည်ဆောက်မှုလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစတင်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုငွေကျပ် ၅၆၁.၄၅ သန်းဖြင့် ပခုက္ကူပညာရေး ဒီဂရီကောလိပ်ကျောင်းဝန်းအတွင်း အလျား ၁၉၂ ပေ၊ အနံ ၃၈ ပေ၊ အမြင့် ၃၆ ပေရှိသည့် သုံးထပ်စာသင်ဆောင် တစ်ဆောင်(RC)အဆောက်အဦးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စတင်ပြီး Kinetic Arts ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သုံးထပ်စာသင်ဆောင်ရှိ အဆောက်အဦ တစ်ထပ်အတွင်း၌ စာသင်ခန်း လေးခန်းပါရှိပြီး သုံးထပ်ပေါင်း စာသင်ခန်း ၁၂ ခန်းပါရှိကြောင်း၊ စာသင်ခန်းတစ်ခန်းလျှင် အလျားပေ ၄၀၊ အနံပေ ၃၀ ရှိပြီး ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးအထိ ဝင်ဆံ့နိုင်မည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့်လုပ်ငန်း စံချိန်စံညွှန်း အရည်အသွေးများနှင့် ကိုက်ညီစွာ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးရေး ပခုက္ကူပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၏ အနီးကပ်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)