ပလက်ဝ ၂၉ ဇူလိုင်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်နှင့် ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဇူလိုင် ၂၇ ရက်က ပလက်ဝမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
အခမ်းအနားတွင် ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ချင်းပြည်နယ် အစိုးရအဖွဲ့၏ ကိုယ်စား ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်နှင့် ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရန်နှင့် ဒေသအတွင်း တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးအတွက် ဆောင်ရွက်ရန် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားပြီး ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က တိုက်ပွဲရှောင်နှင့် ရေဘေးရှောင် ပြည်သူများအား ထောက်ပံ့ပေးမှု အခြေအနေ၊ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ကုလားတန်မြစ်ကူးတံတား တည်ဆောက်မှု အခြေအနေများကို တာဝန်ခံအင်ဂျီနီယာက ရှင်းလင်းတင်ပြခဲ့ပြီး မြို့မိမြို့ဖများက ပလက်ဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကိုတင်ပြရာ တင်ပြချက်များအပေါ် ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် တိုက်ပွဲရှောင် ပြည်သူများနှင့် ရေဘေးရှောင်ပြည်သူများအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေကျပ် ၂၃၆၆ ဒသမ ၈၄ သိန်းနှင့် ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်များ၊ ကယ်ဆယ်ရေး ပစ္စည်းများအား တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့သည်။
ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်နှင့် ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေများမှာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ငွေကျပ် ၈၄၆ ဒသမ ၆၁ သိန်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ငွေကျပ် ၈၃၉ ဒသမ ၂ သိန်း၊ ချင်းပြည်နယ် အစိုးရအဖွဲ့မှ ငွေကျပ် သိန်း ၃၀ဝ၊ ချင်းပြည်နယ်အတွင်းရှိ စေတနာရှင် ပြည်သူများနှင့် အဖွဲ့အစည်းများက ငွေကျပ် ၃၈၁ ဒသမ ဝ၄ သိန်းတို့ဖြစ်ကြောင်း သိရသည်။
MDN


