ပန်ဆိုင် ၂၂ ဩဂုတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်) မြို့အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ စားဝတ်နေရေးနှင့် အလုပ်အကိုင်များ အခက်အခဲ မဖြစ်စေရေးအတွက် ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့၊ နေ့လယ် ၂ နာရီအချိန်က ပန်ဆိုင်း (ကြူကုတ်)မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူများထံ လက်ဝယ်အရောက် စနစ်တကျ အိမ်တိုင်ရာရောက်ပေးအပ်သည်။
ထိုသို့ပေးအပ်ရာတွင် ပန်ဆိုင်း(ကြူကုတ်)မြို့ ရပ်ကွက်(၁)နှင့်ရပ်ကွက်(၂)အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အိမ်ထောင်စု(၁)စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ရပ်ကွက်(၁)တွင် အိမ်ထောင်စု(၂၂)အိမ်၊ ရပ်ကွက်(၂)တွင် အိမ်ထောင်စု (၂၅) အိမ်၊ စုစုပေါင်း အိမ်ထောင်စု (၄၇)စုအား ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ရပ်ကွက်များတွင်လည်း လက်ဝယ်အရောက် ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းမိုးခိုင်(ပြန်/ဆက်)