ပန်ဆိုင်း  ၅  စက်တင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အာဟာရရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသက်(၆)လမှ (၅)နှစ်အောက်အရွယ် ကလေးငယ်များကို မျက်စိအားဆေး ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်(၁)၊ အောင်မင်္ဂလာကျောင်းတိုက်၊ သာရေးနာရေးခန်းမ၌ တိုက်ကျွေးသည်။

 

အဆိုပါ မျက်စိအားဆေး ဗီတာမင်အေကို (၆)လတစ်ကြိမ် တိုက်ကျွေးခြင်းအားဖြင့် ကြက်မျက်သင့်ခြင်း၊ မျက်ခမ်းစပ်ရောဂါ ကာကွယ်ခြင်း၊ မျက်ကြည်လွှာအမာရွတ်(အပြင်တိမ်)ဖြစ်ခြင်း စသည့်မျက်စိရောဂါနှင့် ပတ်သက်သော ရောဂါဖြစ်ပွားမှုများကို ကာကွယ်နိုင်မည်ဖြစ်ပြီး သန်ချဆေးတိုက်ခြင်းအားဖြင့် သန်ကောင်ရောဂါမှ ကလေးသူငယ်များကို ကြိုကာကွယ်နိုင်မည်ဖြစ်သည်။ အသက်(၆)လမှ (၅)နှစ်အောက်ရှိ ကလေးငယ်များကို မျက်စိအားဆေး ဗီတာမင်အေနှင့် သံချဆေးများကို(၆)လ တစ်ကြိမ် ပုံမှန်တိုက်ကျွေးသင့်ကြောင်းကိုလည်း သားဖွားဆရာမ ဒေါ်ခေါန်ဂျီးက ကာကွယ်ဆေးလာရောက် တိုက်ကျွေးသည့် ကလေးမိဘများကို ကာကွယ်ဆေးနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်ပြီး ပန်ဆိုင်း(ကြူကုတ်)မြို့တွင် အသက်(၆)လမှ (၁)နှစ်အတွင်း ကလေးငယ်( ၁၄)ဦး၊ (၁)နှစ်မှ (၅)နှစ်အောက် ကလေးငယ်(၁၄၆)ဦး၊ စုစုပေါင်းကလေးငယ် ၁၆၀ တို့အား မျက်စိအားဆေး ဗီတာမင်အေနှင့် သန်ချဆေးများကို တိုက်ကျွေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

သန်းမိုးခိုင် (ပြန်/ဆက်)