ပင်လောင်း ဧပြီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ခုနှစ် ဘဏ္ဍာနှစ်ခြောက်လတာကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၅၀၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေကျပ် ၈၀ ဒသမ ၅၀သန်းဖြင့် မြို့နယ်အတွင်းရှိကျေးရွာ ၁၅ ရွာ၌ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအအခါ လုပ်ငန်းများအားလုံးကို ရာနှုန်း ပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သည့်ကျေးရွာ ၁၅ ရွာမှာ တင်းတက်(တ)၊ လွယ်ပြား၊ နောင်ဝိုး၊ ပင်ကျိုင်၊ ဖျူးရှား၊ မြောက်စလုံး၊ တောင်လေး(မ)၊ သပြေကုန်း၊ တောင်ဇာ၊ ပက်ကော်ကြီး၊ လက်ပံပင်၊ ကောင်မှီးပေါ်၊ နန်းတုတ်၊ ဗန်းမောက်၊ လွယ်ဖွီး ကျေးရွာများဖြစ်ပြီး သောက်သုံးရေရရှိရေးလုပ်ငန်းခြောက်ခု၊ ကျေးရွာတွင်း လမ်းခင်းခြင်းလုပ်ငန်းငါးခု၊ ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းလေးခုတို့ကို ၂၀၂၁- ၂၀၂၂ ခုဘဏ္ဍာနှစ်ခြောက်လတာကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းခွင့်ပြုရန်ပုံငွေ ကျပ် သန်း ၁၅၀၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေ ကျပ်သိန်း ၈၀ ဒသမ ၅၀သန်း၊ စုစုပေါင်းရန်ပုံငွေ ကျပ်၂၃၀ ဒသမ ၅၀ သန်းဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် ယခုနှစ်ဇန်နဝါရီမှ စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်အထိ လုပ်ငန်းများအားလုံးကို ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

ပင်လောင်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် ၁၀သန်း၊ ကျေးရွာ ပြည်သူလူထုထည့်ဝင်ငွေများဖြင့်  နှစ်စဉ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့်သောက်သုံးရေရရှိရေး၊ လမ်းခင်း ခြင်း၊ တံတားတည်ဆောက်ခြင်း၊ ကျေးရွာခန်းမတည်ဆောက်ခြင်း အစရှိသည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊  မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းက ပြောကြားသည်။

ငြိမ်းသူ