ပင်လောင်း ဇူလိုင် ၁၈

 

စိုက်ပျိုးရေးတောင်သူများအနေဖြင့် Good Agricultural Practices(GAP) စနစ်ဖြင့် စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်းမွန်၍ စျေးကွက်ဝင် ထုတ်ကုန်များ ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် လက်ဖက်စိုက် တောင်သူများအား မြို့နယ်လက်ဖက်စိုက်တောင်သူအစုအဖွဲ့မှ လက်ဖက်သီးနှံ(GAP) အသိအမှတ်ပြု လက်မှတ်ပေးအပ်ခြင်းနှင့် (GAP)စနစ်ဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးခြင်း နည်းပညာပေးဟောပြောပွဲကို ယမန်နေ့က တောင်ထီဗွာကျေးရွာအုပ်စု ဝါးလီကျေးရွာတွင် ပြုလုပ်ခဲ့သည်။

 

ပင်လောင်းမြို့နယ် တောင်ထီဗွာကျေးရွာအုပ်စု၊ ဘန့်ဘာကျေးရွာအုပ်စု၊ ပင်လောင်းကြီးကျေးရွာအုပ်စုများ အတွင်းရှိ GAP အသိအမှတ်ပြု လက်မှတ်လျှောက်ထားသည့် တောင်သူ၂၈၃ ဦး အတွက်အစုအဖွဲ့ GAP အသိအမှတ်ပြုလက်မှတ်ရ လက်ဖက်သီးနှံ (၂၀၅) ဧက ပေးအပ်ခြင်းအစီအစဉ်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်နိုင်က အဖွင့်အမှာစကားပြောကြားသည်။

 

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်ဆွေဆွေမာက GAP စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို နည်းပညာပေးဟောပြောခဲ့ရာ ကျေးရွာအုပ်စုများမှ လက်ဖက်စိုက်တောင်သူ ၆၅ ဦး တက်ရောက်ခဲ့သည်။

 

ထွန်းလင်း(ပင်လောင်း)