ပင်လည်ဘူး  ၁၁ ဇူလိုင်  


စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၌ ကျေးလက်နေ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး အိမ်တွင်းမှု လက်မှုပညာနှင့် မိသားစုစီးပွားရေး အပိုဝင်ငွေများ ရရှိစေရန်အတွက် မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၀ ရက်နေ့ နံနက် ၁၀နာရီခွဲ အချိန်တွင် အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်က အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဦးဌာန ကောလင်းခရိုင်ဦးစီးမှူး ဦးဝင်းနွယ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ သင်တန်း နည်းပြဆရာမ ဒေါ်ခိုင်ခိုင်က သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များနှင့် သင်ကြားရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးသက်ထွန်းဇော်က သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများပေး အပ်ခဲ့သည်။ အဆိုပါသင်တန်းကို ဇူလိုင် ၁၀ ရက်နေ့မှစ၍ တစ်လကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး  လုံချည်၊အင်္ကျီ ချုပ်နည်းမျိုးစုံတို့အား တစ်လအတွင်း တတ်မြောက်အောင် သင်းကြားပြသပေးသွားမည်ဖြစ်ကာ ကျေးရွာများမှ သင်တန်းသူ ၁၀ ဦး တက်ရောက်ခဲ့သည်။


မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံ စက်ချုပ်သင်တန်း၊ မုန့်ဖုတ် သင်တန်း၊ ဆိုင်ကယ်ပြင် သင်တန်း၊ လက်သမားသင်တန်း၊ ပန်းရံ သင်တန်း၊ ဇာထိုး ပန်းထိုး ချည်ထိုး သင်တန်း၊ အလှပြင် သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပြီး ယခု ဒုတိယအကြိမ် အခြေခံ စက်ချုပ်သင်တန်းကို ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။


အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်း ဆရာမနှင့်သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။


မျိုးလွင်(ပင်လည်ဘူး)