ပင်လုံ   ၂၂  ဩဂုတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ အိမ်ထောင်စုများအား ဒုတိယအကြိမ် ငွေကြေး ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ် ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ပင်လုံမြို့ရပ်ကွက်(၁)အတွင်း ဆက်လက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပင်လုံမြို့ ရပ်ကွက်(၁)အုပ်ချုပ်ရေးမှူး ဦးစိုင်းမူးလိန်က ထောက်ပံ့ငွေ ပေးအပ်ရခြင်း ရည်ရွယ်ချက်၊ ထောက်ပံ့ငွေပေးအပ်ရာတွင် အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် ပေးပို့ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားပြီး ရပ်ကွက်(၁)အတွင်း ကျန်ရှိအိမ်ထောင်စု အခြေခံလူတန်းစား  မိသားစုဝင်များ ထံသို့ ဒုတိယအကြိမ် အိမ်အရောက် လက်ဝယ်အရောက် ဆက်လက်ပေးအပ်ကြောင်း သိရသည်။       

 

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုဝင်များ တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ဒုတိယအကြိမ် အခြေခံလူတန်းစားများ လက်ဝယ်အရောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ဆက်လက် ပေးအပ်သွားကြောင်း သိရသည်။

နန်းမြင့်မြင့်ဆွေ