ရန်ကုန် ဒီဇင်ဘာ ၂၄
ပင်လယ်ဓားပြများ၏ ပြန်ပေး ဆွဲခြင်း ခံထားရသည့် ဘူဂေး ရီးယားပိုင် MV Ruen သင်္ဘောတွင် လုပ်ကိုင်နေသော မြန်မာ သင်္ဘောသားများ၏ မိသားစုများက ဆက်သွယ်လာခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ် သမားများအဖွဲ့ချုပ် (MSF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
NAVIBULGAR ကုမ္ပဏီပိုင် သင်္ဘောသည် တောင်ကိုရီးယားနိုင်ငံမှ ထွက်လာခဲ့ပြီး စင်ကာပူတွင် တစ်ထောက်နားခဲ့ကာ တူရကီနိုင်ငံတွင် နောက်ဆုံး ဆိုက်ကပ်ရန် ဖြစ်သော်လည်း လမ်းတွင်အဆက်အသွယ် ပြတ်တောက်သွားကြောင်း၊ နောက်ဆုံးတွင် ပင်လယ်ဓားပြများ၏ ပြန်ပေးဆွဲခံထားရခြင်းဖြစ်ကြောင်း၊ သင်္ဘောအမှုထမ်း ၁၈ ဦး ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံသား နှင့် ဘူဂေးရီးယားနိုင်ငံသားများ ဖြစ်ကြောင်း ကနဦး သိရသည်။
“အခုချိန်ထိ ကာယကံရှင်တွေရဲ့ မိသားစုတွေ ကိုယ်တိုင်က လာအကြောင်းကြားတာ မရှိသေးဘူး။ သိသလောက်တော့ ပင်လယ် ဓားပြတိုက်ခံရတာ ဟုတ်တယ်။ မြန်မာတွေပါတယ်ဆိုတာလည်း ဟုတ်တယ်။ သို့သော် သတင်းပို့ လာတာတွေ မရှိသေးဘူး။ မိသားစုတွေ မလာသေးတော့ ဘာဖြစ်နေတယ်ဆိုတာ ပြောလို့မရသေးဘူး” ဟု MSF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ သင်္ဘောနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၆ ရက်တွင် အိန္ဒိယရေတပ်မှ စစ်သင်္ဘော INS Kochi က ကြားဖြတ်ဟန့်တားပြီး ရဟတ်ယာဉ် စေလွှတ်အကဲခတ်ရာ သင်္ဘောသားများ အားလုံးကို ပင်လယ်ဓားပြများက ဓားစာခံ အဖြစ် ဖမ်းထားကြောင်း သိရခြင်းဖြစ်ကာ မပြတ်တမ်း စောင့်ကြည့်မှုများနှင့် ညှိနှိုင်းမှုများ လုပ်ခဲ့ကြောင်း အိန္ဒိယရေတပ်က သတင်းထုတ်ပြန်ထားသည်။
ထို့နောက် ဒီဇင်ဘာ ၁၇ ရက် တွင် ဆိုမာလီယာ ရေပိုင်နက် အတွင်းသို့ သင်္ဘော ရောက်သွားခဲ့ကာ အဆိုပါ သင်္ဘောပေါ်မှာ ဒဏ်ရာရ သင်္ဘောအမှုထမ်းတစ်ဦးကိုလည်း ပင်လယ်ဓားပြများနှင့်် သဘောတူညီချက်ရယူကာ ဆေးကုသရေး ပြန်လည်လွှဲပြောင်း ရယူနိုင်ခဲ့သော်လည်း အခြားသင်္ဘောသားများမှာ ဓားစာခံအဖြစ် ရှိနေဆဲဖြစ်ကြောင်းလည်း အိန္ဒိယရေတပ် ထုတ်ပြန်ချက်အရ သိရသည်။
“အဓိက ထင်တာကတော့ မိသားစုတွေ ကိုယ်တိုင်လည်း ဘယ်သူ ဘယ်ဝါ ပါသွားတယ် ဆိုတာကို မသိသေးတာဖြစ်ဖို့ များတယ်။ ပူပန်တာမျိုးလည်း ရှိနေမှာပေါ့။ အဓိကကတော့ ဒီလိုဖြစ်လာပြီဆိုရင် ပိုင်ရှင်နဲ့ ငွေဘယ်လောက်ပေး ဆိုတာမျိုးကို ပင်လယ်ဓားပြတွေက ညှိကြတယ်” ဟု အရာရှိအဆင့် ဝါရင့် သင်္ဘောသား တစ်ဦးက မှတ်ချက်ချသည်။
သစ်တော်


