ညောင်ဦး ၃၀ မေ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၁၉ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ တောင်သူများ မိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မေ ၆ ရက်နေ့မှ စတင်၍ တောင်သူများလက်ဝယ်အရောက် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြို့နယ် အတွင်း ကျေးရွာအုပ်စု ၇ အုပ်စုမှ တောင်သူဦးရေပေါင်း ၆၃၀ ဦးအား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေကျပ် ၃၈၃၀ ဒသမ ၅၀ သိန်း ထုတ်ချေးဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းလွင်ထံမှ သိရသည်။
ယခုနှစ်တွင် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးခြင်းကို မြို့နယ်အတွင်းကျေးရွာအုပ်စု ၅၀ အုပ်စု၊ ကျေးရွာ ပေါင်း ၂၀၄ ရွာရှိပြီး လျာထားတောင်သူဦးရေပေါင်း ၁၂၀ဝ၀ အား ချေးငွေကျပ်သိန်း ၇၆၀ဝ၀ ထုတ်ချေးပေးရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
တောင်သူများအား ချေးငွေများ ထုတ်ချေးရာတွင် စပါးသီးနှံစိုက်ပျိုး တောင်သူများအား တစ်ဧက ငွေကျပ် တစ်သိန်းခွဲနှုန်း ထုတ်ချေးပေးကာ အခြားသီးနှံစိုက်ပျိုး တောင်သူများကို ယခင်နှစ်က တစ်ဧက ငွေကျပ် ငါးသောင်းနှုန်း ထုတ်ချေးပေးရာမှ ယခုနှစ်တွင် တစ်ဧက ငွေကျပ် တစ်သိန်းနှုန်း တိုးမြှင့်ထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ယခုနှစ်တွင် မြို့နယ်အတွင်းရှိ တောင်သူများ မိုးဦးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၆ ရက်နေ့က စတင်ပြီး တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးတာဖြစ်ပြီး ယနေ့ မေ ၃၀ ရက်နေ့ အထိ ဆိုရင် မြို့နယ်အတွင်း ကျေးရွာအုပ်စု ၇ အုပ်စုမှ တောင်သူဦးရေပေါင်း ၆၃၀ ဦးအား စပါးနှင့် အခြားသီးနှံ စိုက်ဧကပေါင်း ၂၆၁၃ ဧက အတွက် ချေးငွေ ကျပ် ၃၈၃၀ ဒသမ ၅၀ သိန်း ထုတ်ချေးပြီးစီးသွားပြီဖြစ်ပါတယ်။ ချေးငွေများ ထုတ်ချေးပေးရာတွင် တောင်သူတစ်ဦးချင်းစီအလိုက် လယ်ယာမြေပုံစံ(၇) မူရင်းတင်ပြနိုင်သည့် တောင်သူတစ်ဦးချင်း အာမခံစနစ်ဖြင့် ထုတ်ချေး ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ ကျေးရွာများမှ တောင် သူများကို စက်တင်ဘာလကုန်အထိ ဆက်လက် ထုတ်ချေးဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းလွင်က ပြောပြသည်။
ရဲဝင်းနိုင် (ညောင်ဦး)
