ပွင့်ဖြူ ၂၅ ဇူလိုင်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ် အခွင့်အရေးလိုင်စင်များ ပထမအကြိမ် လေလံတင်ရောင်းချပွဲတွင် လုပ်ငန်းလိုင်စင် ၄၆ ခုအား ဈေးပြိုင်စနစ်ဖြင့် ရောင်းချနိုင်ခဲ့ပြီး လေလံရောင်းရငွေ ကျပ် ၁၅၂၃ ဒသမ ၇ သိန်း ရရှိခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
လေလံတင်ရောင်းချပွဲကို ဇူလိုင် ၂၃ ရက်က ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မြို့နယ်အတွင်း လေလံစနစ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းလိုင်စင် ၉၂ ခု ရှိသည့်အနက် လုပ်ငန်းလိုင်စင် ၄၆ ခု အား ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
လေလံတင်ရောင်းချရာတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း က လုပ်ငန်းလိုင်စင် လေလံဝယ်ယူမည့် သူများအနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် အများပြည်သူသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဦးစားပေးလုပ်ဆောင်သွားကြရန် ရှင်းလင်းပြောကြားပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဝင်း က လေလံတင် ရောင်းချမည့် လုပ်ငန်း အမျိုးအစားများနှင့် လေလံပွဲနှင့် ပတ်သက်သည့် လိုက်နာရန် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချရခြင်းမှာ လေလံစနစ် ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးခွင့်ရရှိနိုင်ရန်၊ လုပ်ငန်းများ ပိုမိုအောင်မြင် အကျိုးဖြစ်ထွန်းစေရန်နှင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေ ပြည့်ဝစွာရရှိစေရန်အတွက် ရည်ရွယ်၍ နှစ်စဉ် ပြုလုပ်ရောင်းချပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
ကျန်ရှိသည့် လုပ်ငန်းလိုင်စင် ၄၆ ခုကို ဒုတိယအကြိမ်အဖြစ် ယခုလ ၃၁ ရက်တွင် ဈေးပြိုင်စနစ်ဖြင့် ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အမှုဆောင်အရာရှိ ဦးမျိုးဝင်းထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


