ပွင့်ဖြူ   ၂၈   ဩဂုတ်

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် တည်ဆောက်ပြီးစီးသည့် လေးခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ် လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဆောက်လုပ်ပြီးစီးသည့် လေးခန်းတွဲ လေးထပ်ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်အား တာဝန်ခံ အင်ဂျင်နီယာအဖွဲ့က လွှဲပြောင်းပေးအပ်ရာ မြို့နယ် အိမ်ရာတည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးကာ လွှဲပြောင်းလက်ခံရယူခဲ့သည်။

 

အဆိုပါ ဆောက်လုပ်ပြီးစီးသည့် လေးခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်မှာ အလျား ၉၄ ပေ၊ အနံ ၄၃ ပေရှိပြီး သံကူကွန်ကရစ် လေးထပ်ဆောင် အမျိုးအစားဖြစ်ကာ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုရန်ပုံငွေကျပ် သန်း ၁၆၀ နှင့် ၂၀၁၈ ခုနှစ် Mini Budget မှ ခွင့်ပြုရန်ပုံငွေကျပ် ၁၇၀ သန်းတို့ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လှိုင်ဝင်းလေး(ပုဂံမြေ)