ပွင့်ဖြူ     ၁၅   မေ      


မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိရစ္ဆာန်နှင့် ပတ်သက်သော မွေးမြူရေးအာဟာရဗေဒဆိုင်ရာ နည်းစနစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် တိရစ္ဆာန်အာဟာရဗေဒသင်တန်း အမှတ်စဉ် (၄/၂၀၁၉) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက  ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။ 


သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေးက တိရစ္ဆာန် အာဟာရဗေဒ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပို့ချသင်ကြားပေးမည့် ဘာသာရပ်များနှင့် စပ်လျဉ်းပြီး ရှင်းလင်း ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေး ဦးဆောင်၍ သင်တန်းနည်းပြများက မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တက်ရောက်လာသည့်သင်တန်းများကို ကြက်၊ ဘဲ၊ နွား၊ ကျွဲ၊  မြင်း၊ ဆိတ်၊ ဝက် စသည့် တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ အာဟာရဗေဒနည်းစနစ်များ၊ စားကျက်ပင်များဆိုင်ရာ အာဟာရဗေဒနည်းပညာများ၊ ယူရီးယားသကာတုံး ကောက်ရိုး ပြုပြင်ကျွေးမွေးခြင်း အာဟာရဗေဒ နည်းစနစ်များနှင့် ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်များအကြောင်းကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချ သင်ကြားပေးခဲ့သည်။ 


အဆိုပါ တိရစ္ဆာန်အာဟာရဗေဒ သင်တန်းသို့ ပွင့်ဖြူမြို့နယ် အတွင်းရှိ ကျေးရွာများမှ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ သင်တန်းသား ၂၀ တို့ တက်ရောက်ခဲ့ကြပြီး  မေ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ငါးရက်ကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။  


ရဲဝင်းနိုင် (ညောင်ဦး)