ပွင့်ဖြူ  ၇  ဇူလိုင်      


 
မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ် အမှတ်(၄၆) စက်မှုလယ်ယာစခန်းမှ မြို့နယ်အတွင်းရှိ စပါးစိုက်ပျိုး တောင်သူများ ဆန်စပါးအရည်အသွေး ကောင်းမွန်စေရန် ၊ စပါးစိုထိုင်းမှုကြောင့် လေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်နှင့် ကုန်ကျစရိတ် သက်သာစွာဖြင့် စပါးအခြောက်ခံခြင်းများ ပြုလုပ်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စပါးအခြောက်ခံစက်ဖြင့် တောင်သူများအား စပါးအခြောက်ခံခြင်းလုပ်ငန်း ဝန်ဆောင်မှုပြုပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အမှတ်(၄၆) စက်မှု လယ်ယာစခန်းရုံးမှ သိရသည်။

 

ပွင့်ဖြူမြို့နယ် အမှတ်(၄၆) စက်မှုလယ်ယာစခန်းရှိ စပါးအခြောက်ခံစက်သည် ကိုရီးယားသမ္မတနိုင်ငံမှ ထုတ်လုပ်သော စက်ပစ္စည်းဖြစ်ပြီး အတိုင်းအတာပမာဏ အလျား ၁၁ ပေခွဲ ၊ အနံ ၅ ပေခွဲ ၊ အမြင့် ၂၂ ပေရှိပြီး စက်အလေးချိန် ၁၁ ဒသမ ၈ တန် ရှိကြောင်း သိရကာ HSD – 85RD စက်အမျိုးအစားဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါ စက်သည် ဒီဇယ်သုံး ထောင်လိုက်လည်ပတ် အခြောက်ခံစက်ဖြစ်ပြီး ဆီတိုင်ဂီဝင်ဆန့်မှု ၁၀၅ ဂါလန် ၊ လျှပ်စစ်လိုအပ်မှု ၄ ဒသမ ၁၁ ကီလိုဝပ် ၊ ၃၈၀ ဗို့ ရှိကာ တစ်နာရီလျှင် စပါးအခြောက်ခံနိုင်မှုပမာဏ အနည်းဆုံး သုည ဒသမ ၇ ရာခိုင်နှုန်းမှ အများဆုံး (၁) ရာခိုင်နှုန်း လည်ပတ်အခြောက်ခံနိုင်မှုရှိကြောင်း သိရသည်။ တစ်ကြိမ်လျှင် စပါးအခြောက်ခံနိုင်မှုပမာဏမှာ အနည်းဆုံး စပါးတင်းရေ ၂၀၀ မှ အများဆုံး စပါးတင်းရေ ၃၅၀ အထိ စပါးအခြောက်ခံခြင်း ပြုလုပ်နိုင်ကြောင်း သိရသည်။


 
အဆိုပါ စပါးအခြောက်ခံစက်ကို ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်ကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရကာ လတ်တလောတွင် မြို့နယ်အတွင်းရှိ တောင်သူ(၁၅)ဦးခန့်အား စပါးတင်းရေ ၃၀၀၀ ကျော်ခန့် စပါးအခြောက်ခံခြင်းလုပ်ငန်း ဝန်ဆောင်မှုပြုပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်ပေးရာတွင် စပါးအခြောက်ခံ ပြုလုပ်လိုသော တောင်သူများကို ကုန်ကျစရိတ်သက်သာစွာဖြင့် ဝန်ဆောင်မှုပြုပေးကြောင်း သိရသည်။ 

 

ယခုနှစ်တွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ စပါးစိုက်ပျိုးတောင်သူများအနေဖြင့် စပါးသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် မြို့နယ် စက်မှုလယ်ယာစခန်းမှ ဆန်စပါးအရည်အသွေး ကောင်းမွန်စေရန် ၊ စပါးစိုထိုင်းမှုကြောင့် လေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ် စေရန်နှင့် ကုန်ကျစရိတ် သက်သာစွာဖြင့် စပါးအခြောက်ခံခြင်းများ ဝန်ဆောင်မှု ပြုလုပ်ပေးနိုင်ပြီဖြစ်၍ တောင်သူများ အဆင်ပြေစွာ စပါးအခြောက်ခံခြင်းလုပ်ငန်းအား ကုန်ကျစရိတ်သက်သာစွာ ဆောင်ရွက်လုပ်ကိုင်ခွင့် ရရှိတော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် အမှတ်(၄၆) စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်စန်း က ပြောပြ၍ သိရသည်။    

 

ရဲဝင်းနိုင် ( ညောင်ဦး )