ပွင့်ဖြူ   ၁၃   မေ    

 

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာတွင် မေ ၁၁ ရက်နေ့က တိုက်ခတ်ခဲ့သည့်လေပြင်းမုန်တိုင်း အရှိန်ကြောင့် လူနေအိမ် ၈၇ လုံး တစ်စိတ်တစ်ပိုင်း အမိုးလန်ထိခိုက်ပျက်စီးမှုအတွက် လေဘေးသင့်ပြည်သူများထံ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပံ့ပိုးပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၃ နာရီခွဲက မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာနမှ ဦးစီးမှူး ဒေါ်ဇင်နီလာဦးနှင့် ဝန်ထမ်းများအဖွဲ့က ကျေးရွာအရောက် ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပံ့ပိုးပေးအပ်ရာတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်က နိုင်ငံတော်မှ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုအတွက် ဒေသခံကျေးလက်နေပြည်သူများ အခက်အခဲမဖြစ်စေရေး ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ယခုထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ဒေသခံပြည်သူများအနေဖြင့် အကျိုးရှိရှိ သုံးစွဲသွားကြရန်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီမံဆောင်ရွက်ထားရှိရေးတို့ကို  ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

 

ထို့နောက် ဆင်လူးကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ဒေသခံပြည်သူများကိုယ်စား နိုင်ငံတော်မှ လူသားချင်း စာနာထောက်ထားမှုအနေဖြင့် ကျေးရွာအရောက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပံ့ပိုးပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 

 

ဆက်လက်၍ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်နှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဇင်နီလာဦးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စု ၈၇ စု အား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် နှစ်သောင်း၊ ကယ်ဆယ်ရေးပစ္စည်း ၉ မျိုးနှင့် လူဦးရေ ၃၈၃ ဦးအတွက် လူတစ်ဦးလျှင် စားနပ်ရိက္ခာ ဆန်ဖိုးငွေကျပ် ၂၁၀ဝ နှုန်းဖြင့် ထောက်ပံ့ငွေကျပ် ၈၀၄၃၀ဝ ၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၅၄၄၃၀ဝ အား လေဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)

 

ge AGR