ပွင့်ဖြူ ၁၂ မေ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာတွင် မေ ၁၁ ရက် ညနေ ၄ နာရီခန့်က ရုတ်တရက် လေပြင်းမုန်တိုင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၈၇ လုံး အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

ဖြစ်စဉ်မှာ မေ ၁၁ ရက် ညနေ ၄ နာရီက ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာတွင် ရုတ်တရက် လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၄ ပင် × ၅ ပင် ထရံကာ၊ သွပ်မိုးလူနေအိမ် ၁ လုံး၊ ၄ ပင် × ၃ ပင် ထရံကာ သက္ကယ်မိုး လူနေအိမ် ၆၅ လုံး၊ ၄ ပင် × ၄ ပင် ပျဉ်ကာ၊ သွပ်မိုး လူနေအိမ် ၂ လုံး၊ ၃ ပင် × ၃ ပင် ထရံကာ သက္ကယ်မိုး လူနေအိမ် ၁၉ လုံး စုစုပေါင်း လူနေအိမ် ၈၇ လုံး အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသည့် လူနေအိမ်များအား မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ကျေးရွာနေပြည်သူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)
