ပွင့်ဖြူ  ၁၂   မေ       

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကနီကျေးရွာအုပ်စု၊ အရှေ့အင်းကုန်းကျေးရွာ၊ မဲဇလီကျေးရွာအုပ်စု၊ အနောက်အင်းကုန်းကျေးရွာ၊ ထူးပေါက်ကျေးရွာနှင့် ညောင်ပင်ဝိုင်းကျေးရွာများမှ ကျေးလက်နေပြည်သူများ လျှပ်စစ်မီး သုံးစွဲခွင့်ရရှိရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် ကျေးရွာလေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်း အနားကို ယနေ့ နံနက် ၉ နာရီက ကနီကျေးရွာအုပ်စု၊ အရှေ့အင်းကုန်းကျေးရွာရှိ အခြေခံပညာမူလတန်း လွန်ကျောင်းတွင် ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ကျေးရွာလေးရွာ လျှပ်စစ်မီးလင်းရေးအောင်ပွဲဆိုင်းဘုတ်အား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ တိုင်းဒေသကြီးလျှပ်စစ်မန်နေဂျာ ဦးထောင်းဇိုခိုင်၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။ 

 

ဆက်လက်၍ အခမ်းအနားကို အခြေခံပညာမူလတန်းလွန်ကျောင်းဝန်းအတွင်း ယာယီမဏ္ဍပ်တွင် ကျင်းပပြုလုပ် ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က အဖွင့်အမှာစကား ပြောကြားပြီး၊ တိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က တိုင်းဒေသကြီးအတွင်း ကျေးလက်နေ ပြည်သူများ ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ကျေးလက်မီးလင်းရေး လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

 

ထို့နောက် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း က နိုင်ငံတော်အစိုးရမှ ကျေးလက်နေ ပြည်သူများ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်နှင့် လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဘဏ္ဍာနှစ် အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ရှင်းလင်း ဆွေးနွေး ပြောကြားပြီး တိုင်းဒေသကြီးလျှပ်စစ်မန်နေဂျာ ဦးထောင်းဇိုခိုင် က ကျေးလက်နေပြည်သူများ လျှပ်စစ်မီး သုံးစွဲရာတွင် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် သတိပြုလိုက်နာရမည့် လျှပ်စစ်အန္တရာယ်နှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်အချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ၎င်းနောက် ကျေးရွာလေးရွာမှ ဒေသခံပြည်သူ များ ကိုယ်စား ကနီကျေးရွာအုပ်စု ၊ အရှေ့အင်းကုန်းကျေးရွာမှ ကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီ အတွင်းရေးမှူး ဦးသောင်းညွန့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တက်ရောက်လာသည့်ဒေသခံကျေးလက်နေပြည်သူများနှင့် ကျောင်းသားကျောင်းသူများအား မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးတင့်ဇော် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က လျှပ်စစ် အန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို လိုက်လံဝေငှပေးခဲ့သည်။ 

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကနီကျေးရွာအုပ်စု၊ အရှေ့အင်းကုန်းကျေးရွာ၊ မဲဇလီကျေးရွာအုပ်စု၊ အနောက်အင်းကုန်းကျေးရွာ၊ ထူးပေါက်ကျေးရွာနှင့် ညောင်ပင်ဝိုင်းကျေးရွာတို့မှ ဒေသခံကျေးလက်နေပြည်သူများ ၂၄ နာရီ လျှပ်စစ်မီး သုံးစွဲခွင့်ရရှိရေးအတွက် ၂၀၁၈ - ၂၀၁၉ မီနီဘတ်ဂျတ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် အရှေ့အင်းကုန်း ကျေးရွာလျှပ်စစ်မီးရရှိရေးအတွက် ၂၀ဝ ကေဗွီအေ ထရန်စဖော်မာ တစ်လုံး၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း သုည ဒသမ ၃ မိုင် တည်ဆောက်ခြင်း၊ မဲဇလီကျေးရွာအုပ်စု၊ အနောက်အင်းကုန်းကျေးရွာတွင် ၂၀ဝ ကေဗွီအေ ထရန်စဖော်မာ တစ်လုံး၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း သုည ဒသမ ၂၅ မိုင် တည်ဆောက်ခြင်း၊ ထူးပေါက်ကျေးရွာတွင် ၂၀ဝ ကေဗွီအေ ထရန်စဖော်မာ တစ်လုံး၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း သုည ဒသမ ၇၅ မိုင် တည်ဆောက်ခြင်း၊ ညောင်ပင်ဝိုင်း ကျေးရွာတွင် ၂၀ဝ ကေဗွီအေ ထရန်စဖော်မာ တစ်လုံး၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း သုည ဒသမ ၂၇ မိုင် တည် ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးကာ ကျေးရွာများမှ ကျေးရွာတွင်း ၄၀ဝ ဗို့ ဓာတ်အားလိုင်း တပ်ဆင်ခြင်း လုပ်ငန်းများကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး၊ အဆိုပါ ကျေးရွာလျှပ်စစ်မီးလင်းရေး လုပ်ငန်းများအား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် နှင့် ဝန်ထမ်းများအဖွဲ့က တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

ယခုအခါ မကွေးတိုင်းဒေသကြီး၊ ကနီကျေးရွာအုပ်စု၊ အရှေ့အင်းကုန်းကျေးရွာ၊ မဲဇလီကျေးရွာအုပ်စု၊ အနောက်အင်းကုန်းကျေးရွာ၊ ထူးပေါက်ကျေးရွာနှင့် ညောင်ပင်ဝိုင်းကျေးရွာတို့တွင် ၂၀၁၈ - ၂၀၁၉ မီနီဘတ်ဂျတ် ၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ၂၄ နာရီ ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ဒေသခံကျေးရွာနေပြည်သူများ ၂၄ နာရီ လျှပ်စစ်မီးသုံးစွဲခွင့်ရရှိစေကာ ကျေးရွာ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လုပ်ကိုင်နိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း ကနီကျေးရွာအုပ်စု ၊ အရှေ့အင်းကုန်းကျေးရွာမှ ကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီ အတွင်းရေးမှူး ဦးသောင်းညွန့် ထံမှ သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)

 

_DSC