ပွင့်ဖြူ ၁၆ နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသ မိုးရွာသွန်းမှု အားကောင်းခဲ့သည့်အတွက် တမံအတွင်း ရေဝင်ရောက်မှုရှိခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်နေ့အထိ တမံရေပြည့်မှတ်အထက် ရေကျော်ကျမှုများ ရှိခဲ့ပြီး နိုဝင်ဘာ ၁၄  ရက်က စတင်ကာ တမံရေပိုလွှဲမှ ရေကျော်ကျမှု မရှိတော့ကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ အငယ်တန်းအင်ဂျင်နီယာ ဦးစိုးလင်းအောင် ထံက သိရသည်။

 

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ သည် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေ မှီခိုအားထားရ သော အဓိက တမံတစ်ခုဖြစ်ကာ အောက်တိုဘာ ၃၀ ရက်၊ ညနေပိုင်းက စတင်၍ မိုးများ ရွာသွန်းခဲ့သည့်အတွက် တမံ အတွင်း ရေဝင်ရောက်မှု တိုးလာခဲ့ပြီး သတ်မှတ်ထားသော တမံရေပြည့်အမှတ် ပေ  ၃၄၀ ထက် ရေပိုလွှဲမှ ရေကျော်ကျမှု များ ဖြစ်ပွားခဲ့ပြီး  မိုးရွာသွန်းမှု ရပ်တန့်သွားခဲ့သည့်အတွက် နိုဝင်ဘာ ၁၃ ရက်နေ့တွင် တမံရေပြည့်မှတ်ဖြစ်သည့် ပေ ၃၄၀ အထက် ရေပိုလွှဲမှ (သုည ဒသမ ၂) ပေခန့်သာ ရေကျော်ကျမှု ရှိခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်နေ့တွင် တံမံရေပြည့်မှတ်ဖြစ်သည့် ပေ  ၃၄၀  အောက် ၃၃၉ ဒသမ ၆ ပေ အထိ ရေများကျဆင်းသွားခဲ့သဖြင့် ရေပိုလွှဲမှ ရေကျော်ကျမှု ရပ်တန့်သွားခဲ့ကြောင်း သိရသည်။ အဆိုပါ တမံရေပိုလွှဲမှ ရေကျော်မှုအခြေအနေများကို ဒေသခံပြည်သူများ သိရှိနိုင်ရန်အတွက် နေ့စဉ် အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ကြီးအုံကြီးဝတမံ၏ သတ်မှတ်ထားသော ရေပြည့်အမှတ်ဖြစ်သည့် ပေ  ၃၄၀  အောက် ၃၃၉ ဒသမ ၄ ပေခန့် ရေများပြန်လည်ကျဆင်းသွားသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု ရပ်တန့်သွားပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံမှ အငယ်တန်းအင်ဂျင်နီယာ ဦးစိုးလင်းအောင်က ပြောသည်။

 

ရဲဝင်းနိုင် (ပြန်/ဆက်)