ပွင့်ဖြူ ဇွန် ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကံရွာကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ နှစ်စဉ် နွေရာသီကာလ သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရ၍ အလှူရှင်များစုပေါင်းပြီး လေးလက်မစက်ရေတွင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ ရေလှောင်အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါကျေးရွာရှိ ဒေသခံပြည်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ် ကန်ရွာကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး နှစ်စဉ် နွေရာသီကာလများတွင် စက်ရေတွင်းမရှိသည့်အတွက် သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရ၍ အလှူရှင် ဦးမောင်မောင်ဌေး - ဒေါ်လွင်လွင်မြင့် (USA) မိသားစုနှင့် ဆွေမျိုးသားချင်းများက အလှူငွေကျပ် သိန်း ၅၀ မတည်လှူဒါန်းကာ ကျေးရွာနေပြည်သူများ ရာသီမရွေး သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ ရေအုတ်ကန် တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ပေးခြင်းဖြစ်သည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ကံရွာကျေးရွာမှာ စက်ရေတွင်းမရှိတဲ့အတွက် ကျေးရွာနေပြည်သူတွေ နွေရာသီရောက်ပြီဆိုရင် သောက်သုံးရေအခက်အခဲ ဖြစ်ရပါတယ်။ ခုတော့ ကျွန်တော်တို့ ကျေးရွာနေပြည်သူတွေ သောက်သုံးရေ ဖူလုံစေရေးအတွက် အလှူရှင်များက စုပေါင်းပြီး စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းအတွက် လိုအပ်တဲ့ငွေကိုတော့ ကျေးရွာက ပြည်သူလူထုထည့်ဝင်ငွေနဲ့ ဖြည့်ဆည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယခုလို သောက်သုံးရေ အမှန်တကယ်လိုအပ်တဲ့ ကျွန်တော်တို့ရဲ့ ကျေးရွာလေးကို စက်ရေတွင်း တူးဖော်လှူဒါန်းပေးတဲ့ အလှူရှင်မိသားစုနှင့်တကွ စက်ရေတွင်း အလှူရှင်ရရှိအောင် အကျိုးဆောင်ပေးတဲ့ ညောင်ပင်စောက်ကျေးရွာ သာမဂ္ဂီသုခ ပရဟိတအသင်းက ဦးကျော်ဆန်းကို ကျေးရွာနေပြည်သူများကိုယ်စား ကျေးဇူးတင်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ကံကျေးရွာမှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)