ပွင့်ဖြူ ဇူလိုင် ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ၊ ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁ မိုင် အား ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းပြီးစီးမှု ၃၀ ရာခိုင်နှုန်းခန့် ရှိပြီ ဖြစ်ကြောင်းနှင့် လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးအတွက် တာဝန်ခံအင်ဂျင်နီယာများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ကုန်းဇောင်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက်ခြင်းကို ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ၊ ပြည်ထေင်စုရန်ပုံငွေကျပ် ၂၉ ဒသမ ၉၂၅ သန်းဖြင့် လမ်းအရှည်ပေ( ၁ )မိုင် အား လမ်းအကျယ် ၁၂ ပေ ၊ ထု တစ်ပေ ၉ လက်မ မြေနီကျောက်စရစ် ကျောက်ရောမြေခင်းခြင်းအမျိုးအစား ကျေးလက်ကုန်ထုတ်လမ်းကို တင်ဒါအောင်မြင်သော မကွေးမြို့၊ Shwe Group ကုမ္ပဏီမှ ဇွန်လ တတိယပတ်က စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုလက်ရှိတွင် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ယခု အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာရှိ အိမ်ခြေ ၁၉၈ အိမ်မှ လူဦးရေ ၁၁၂၄ ဦး၏ စိုက်ပျိုးလယ်မြေဧက ၅၀၀ အတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည်ဖြစ်ပြီး လယ်ယာထွက်ကုန်သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် တင်ပို့ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )