ပွင့်ဖြူ      ဩဂုတ်      ၂၉

           

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁ မိုင် အား ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၇ ရက်က ရာနှုန်းပြည့် ဖောက်လုပ် ပြီးစီး သွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

           

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက်ခြင်းကို ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ၊ ပြည်ထေင်စုရန်ပုံငွေကျပ် ၂၉ ဒသမ ၉၂၅ သန်းဖြင့် လမ်းအရှည်ပေ( ၁ )မိုင် အား လမ်းအကျယ် ၁၂ ပေ ၊ ထု တစ်ပေ ၉ လက်မ မြေနီကျောက်စရစ် ကျောက်ရောမြေခင်းခြင်းအမျိုးအစား ကျေးလက်ကုန်ထုတ်လမ်းကို ဇွန်လ တတိယပတ်က စတင်ပြီး တင်ဒါအောင်မြင်သည့် မကွေးမြို့၊ Shwe Group ကုမ္ပဏီမှ တာဝန်ယူ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခု ဩဂုတ်လ ၂၇ ရက်နေ့တွင် ရာနှုန်းပြည့် ဖောက်လုပ်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

           

ယခုအခါ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးသွားပြီဖြစ်၍ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာရှိ အိမ်ခြေ ၁၉၈ အိမ်မှ လူဦးရေ ၁၁၂၄ ဦး၏ စိုက်ပျိုးလယ်မြေဧက ၅၀၀ အတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာစိုက်ပျိုး လုပ်ကိုင်နိုင်မည်ဖြစ်ပြီး လယ်ယာထွက်ကုန်သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် အဆင်ပြေစွာ တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးပြုပေးနိုင်တော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် က ပြောသည်။   

           

ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေပြည်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် အဆင်ပြေချောမွေ့စွာ သွားလာလုပ်ကိုင်နိုင်ရေးအတွက် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေတို့ဖြင့် ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ ၊ ကျွဲတိကျေးရွာ ၊ ကျောင်းစုကျေးရွာ ၊ မုန်တောကြီးကျေးရွာတို့တွင် ကျေးလက်ကုန်ထုတ်လမ်း(၄)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း ၎င်းက ဆက်လက် ပြောသည်။

                                                                                                                         

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )