ပွင့်ဖြူ ၃ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအနီး မုန်းချောင်းတွင် နိုဝင်ဘာ ၃ ရက် ၊ ယနေ့ နံနက် ၇ နာရီ ၅၅ မိနစ် အချိန်ခန့်က လှေတစ်စီး ရေနစ်မြုပ်မှုဖြစ်ပွားပြီး လှေပေါ်တွင် စီးနင်းလိုက်ပါသော အမျိုးသမီးတစ်ဦး ရေစီးနှင့် အတူ နစ်မြုပ်မျောပါ ပျောက်ဆုံးသွားခဲ့ကြောင်း ပွင့်ဖြူမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၃ ရက် ၊ ယနေ့ နံနက် ၇ နာရီ အချိန်ခန့်က ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာနေ လှေထိုးသား ဦးစန်းလွင်ဦးသည် မမြနှင်းအေး(ခ) အပုလေး ၊ မနီနီဝင်း ၊ မအေးသီရိ ၊ မမြအေး ၊ မဝင်းမာအေး တို့ စီးနင်းလိုက်ပါ၍ မုန်းအနောက်ဘက်စိုက်ခင်းသို့ အလုပ်လုပ်ရန် လက်လှော်လှေတစ်စီးဖြင့် သွားရောက်ပို့ဆောင်ရာ မုန်းချောင်း ရေလယ်ကျော်တွင် ရုတ်တရက် လှေနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ လှေနစ်မြုပ်သည့်နေရာသို့ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၅)ဦး ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ ၊ ကျေးရွာရှိ ရေကျွမ်းကျင်သော ပြည်သူများနှင့် ပူးပေါင်း၍ စက်လှေ(၂)စီးနှင့် အတူ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လှေထိုးသား ဦးစန်းလွင်ဦးနှင့်အတူ လှေပေါ်တွင် စီးနင်းလိုက်ပါလာသော အမျိုးသမီး(၄)ဦးအား အသက် ရှင်လျက် ရှာဖွေကူညီကယ်ဆယ်ပေးနိုင်ခဲ့ပြီး မမြနှင်းအေး(ခ) အပုလေး မှာ မုန်းချောင်းအတွင်း ရေစီးနှင့် အတူ နစ်မြုပ် မျောပါ ပျောက်ဆုံးသွားသဖြင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ဆက်လက်ရှာဖွေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ ထံက သိရသည်။
ရဲဝင်းနိုင် ( ပြန်/ဆက် )