ပွင့်ဖြူ ၂၁ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနနှင့် မြန်မာနိုင် ငံခရီးသွားလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်စေရေးအတွက် အကောင်အထည်ဖော် စိုက်ပျိုးထားသည့် ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအနီး တစ်အုပ်တစ်မ စိမ်းလန်းစိုပြည်ရေးစိုက်ခင်းမှာ ယခုအခါ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရပြီး စက်တင်ဘာ ၂၀ ရက် နံနက် ၇ နာရီခွဲက မြို့နယ်သစ်တောဦးစီးမှူး ဦးအောင်မော်နှင့် ဝန်ထမ်းများက ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာသည် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ် ဆံရစ်ဝိုင်းထားသိုမှုဓလေ့အား တန်ဖိုးထားထိန်းသိမ်းသည့် ကျေးရွာလေးဖြစ်ကာ ခရီးသွားရာသီချိန်များတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်တစ်စား လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။ အဆိုပါ ကျေးရွာလေးအား ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်စေရေးအတွက် ရည်ရွယ်၍ ၂၀၁၉ ခုနှစ် မိုးရာသီတွင် မြို့နယ်သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး ရေပုတ်ကြီးကျေးရွာအဝင် မြေကွက်လပ်တွင် တစ်အုပ်တစ်မ စိမ်းလန်းစိုပြည်ရေးစိုက်ခင်းအဖြစ် ကျွန်း၊ တမာ၊ သရက်၊ ဝါး စသည့် အရိပ်ရပင် ၃၀၀ အား အကောင်အထည်ဖော် စိုက်ပျိုးခဲ့ရာ ယခုအခါ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးထားရှိသည့် တစ်အုပ်တစ်မ စိမ်းလန်းစိုပြည်ရေးစိုက်ခင်းရှိ အရိပ်ရပင်များအား ပိုမိုရှင်သန်ကြီးထွား ဖွံ့ဖြိုးစေရေးအတွက် ယမန်နေ့က မြို့နယ်ဦးစီးမှူး ဦးအောင်မော် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ရေပုတ်ကြီး ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းပြီး ပေါင်းမြက်များ ရှင်းလင်းခြင်း၊ မြေဩဇာကျွေးခြင်းနှင့် ရေလောင်းခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် သစ်တောဦးစီးမှူး ဦးအောင်မော်ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)