ပွင့်ဖြူ   ၂၄   သြဂုတ်  


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာ ၁၀ ရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ယူနီဆက်နှင့် ကျေးရွာနေပြည်သူများ ပူးပေါင်း၍ အိမ်တိုင်ရာရောက် သောက်သုံးရေရရှိရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။  


ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးကို နှစ်စဉ် ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်သူ၊ ကျေးလက်၊ ယူနီဆက် အစီအစဉ်ဖြင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ  ကျွဲတံခါး၊ ပေပင်၊ ချောင်းဆုံ၊ ကံရွာ၊ ရေဖြူတွင်း၊ ရွာသစ်ကလေး၊  ဆင်လူး(တ)၊ ဆင်လူး(မ)၊ လက်ယက်စသည့် ကျေးရွာရှစ်ရွာ၌ အိမ်တိုင်ရာရောက် ရေရှိရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ အဆိုပါကျေးရွာများနှင့် လုပ်ငန်းဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုပြီးဖြစ်ကြောင်း၊ ရေပိုက်လိုင်းများ သွယ်ယူရန် အနိမ့်အမြင့် Level Survey များ တိုင်းတာဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြသည်။ 


အဆိုပါ အိမ်တိုင်ရာရောက်ရေရရှိရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ယူနီဆက်မှ လိုအပ်သည့် ရေသွယ်ပိုက်အမျိုးမျိုးအား လည်းကောင်း၊  ကျေးရွာနေပြည်သူများမှ အမြင့်တင်ရေစင်မရှိပါက ရေစင်တည်ဆောက်ခြင်း၊ ရေမီတာ၊ ပိုက်ဆက်ပစ္စည်း ဝယ်ယူခြင်း၊ ရေပိုက်မြောင်းများ တူးဖော်ရာတွင် လုပ်အားများအားလည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လိုအပ်သည့် နည်းပညာအားလည်းကောင်း ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၀၄)ရွာရှိပြီး အိမ်တိုင်ရာရောက် ရရှိရေးစနစ်ကို ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်အထိ အလှူရှင်၊ ပြည်သူ၊ ကျေးလက်၊ ယူနီဆက်တို့ပူးပေါင်း၍ နဘဲကုန်းကျေးရွာတွင်လည်းကောင်း ကျေးရွာနေပြည်သူများမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကုလားဟောင်းကျေးရွာတွင်လည်းကောင်း ကျေးရွာနှစ်ရွာတွင်သာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ထံမှ သိရသည်။


သန်းလွင်(မကွေး)

 

1 (2).