ပွင့်ဖြူ ၅ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကြောင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေးထိခိုက်မှုများအပေါ် တုံ့ပြန်ကုစားပေးသည့်အနေဖြင့် မိသားစုဝင်ငွေရရှိရေးအတွက် Cash For Work စီမံကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် စီမံကိန်းဖွံ့ဖြိုးရေးလုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီခြင်း ရှိ/မရှိ ယနေ့ နံနက်ပိုင်းက မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုရာတွင် မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး နှင့် ဝန်ထမ်းများအဖွဲ့သည် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများ လိုက်ပါ၍ Cash For Work စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့် ပွင့်ဖြူမြို့နယ် ကုလားဟောင်းကျေးရွာ၊ သခွပ်ကုန်းကျေးရွာ ၊ ထူးကျေးရွာ ၊ ကျောင်းကုန်းကျေးရွာ ၊ ကျွဲတိကျေးရွာ၊ ရွာခိုင်ကျေးရွာ ၊ ထန်းတောကျေးရွာနှင့် ဆင်လူးကျေးရွာများရှိ ကျေးရွာတွင်းလမ်း မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်း ၊ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ မြေနီကျောက်စရစ် ကုန်ထုတ်လမ်းခင်းခြင်း လုပ်ငန်းနှင့် လမ်းဘေးရေမြောင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများ သတ်မှတ်လုပ်ငန်းအရည်အသွေး ပြည့်မီခြင်း ရှိ/မရှိ ကွင်းဆင်းကြည့်ရှုတိုင်းတာပြီး ဆောင်ရွက်ပြီးစီးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ရေရှည်အကျိုးပြုနိုင်ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် ဆွေးနွေးမှာကြားသည်။
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပွင့်ဖြူမြို့နယ်၌ ကျေးလက်နေပြည်သူများ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေး ထိခိုက်မှုများအပေါ် တုံ့ပြန်ကုစားပေးသည့်အနေဖြင့် ကျေးရွာ ပေါင်း(၁၂)ရွာတွင် တစ်ရွာလျှင် Cash For Work စီမံကိန်းရန်ပုံငွေ သိန်း(၁၀၀)စီ အသုံးပြု၍ စီမံကိန်းဖွံ့ဖြိုးရေးလုပ်ငန်း (၁၂)ခုကို ကျေးရွာနေပြည်သူများအား လုပ်အားခပေးချေခြင်းစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊ ယခုအခါ Cash For Work စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး သွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။
ရဲဝင်းနိုင် ( ပြန်/ဆက် )


