ပွင့်ဖြူမြို့နယ်၌ အခြေခံ ရှေးဦးပြုစုနည်း ပညာပေးသင်တန်းဆင်းပွဲ ကျင်းပ

ပွင့်ဖြူ  ၂၆ မေ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ကနီကျေးရွာအုပ်စု၊ အရှေ့အင်းကုန်းကျေးရွာ ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် အခြေခံ ရှေးဦးပြုစုနည်း ပညာပေးသင်တန်းဆင်းပွဲကို မေ ၂၆ ရက်၊ ယနေ့ နံနက် ၉ နာရီက အဆိုပါ အရှေ့အင်းကုန်းကျေးရွာရှိ လယ်ပြင်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

333

 

အဆိုပါ အခြေခံ ရှေးဦးပြုစုနည်း ပညာပေးသင်တန်းဆင်းပွဲတွင် ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာထွန်းထွန်းက အဖွင့်အမှာစကား ပြောကြားကာ ဒုတပ်ရင်းမှူး ဦးမောင်မောင်နိုင်က သင်တန်းတွင် ပို့ချသင်ကြားပေးခဲ့သည့် အခြေခံ ရှေးဦးပြုစုနည်းပညာများကို မိမိတို့မြို့ရွာအတွက် အကျိုးရှိစွာ အသုံးချ ဆောင်ရွက်လုပ်ကိုင်ကြစေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ကျေးရွာအရောက် အခြေခံ ရှေးဦးပြုစုနည်း ပညာပေးသင်တန်း ဖွင့်လှစ်ပို့ချသင်ကြားပေးမှုအပေါ် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 

ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာထွန်းထွန်းနှင့် တာဝန်ရှိသူများက သင်တန်းတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုနှင့် နှစ်သိမ့်ဆု ရရှိသူများကို တစ်ဦးချင်းအလိုက် ဆုများပေးအပ်ချီးမြှင့်ကာ သင်တန်းသားတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။  

အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၃၄ ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား မေ ၂၀ ရက်မှ ၂၆ ရက်အထိ အခြေခံရှေးဦးပြုစုနည်းဆိုင်ရာ နည်းစနစ်များကို စာတွေ့လက်တွေ့ ငါးရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)