ပွင့်ဖြူ  ၂၁ ဩဂုတ်       

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ကလေးငယ်များအတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းအစီအစဉ်တွင် သားအိမ်ခေါင်း ကင်ဆာ Human Papilloma Virus (HPV) ဆေးအား ထည့်သွင်းထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် ဩဂုတ်လအတွင်း မွေးဖွားသည့် အသက်(၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှစတင်၍ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် (၁၃)မျိုးမြောက် ကာကွယ်ဆေးအဖြစ် ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံမည့် အမျိုးသမီးငယ် စုစုပေါင်း ၁၅၈၇ ဦး ရှိကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးစိုးခိုင် ထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)