ပွင့်ဖြူ  ဇူလိုင်   ၁၂

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် မိုးသီးနှံလျာထားဧက ပြည့်မီစေရေးအတွက် ဇွန်လနောက်ဆုံးပတ်ကစပြီး စတင်စိုက်ပျိုးလျက်ရှိရာ ဇူလိုင် ၁၂ ရက်တွင် မိုးစပါးသီးနှံ ၆၃၈၅ ဧကအထိ စိုက်ပျိုးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် မိုးစပါးသီးနှံဧက ၆၉၀၉၄ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဇွန် ၁၅ ရက်က စတင်၍ မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်း မြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးထားကြောင်း၊ ယနေ့အထိ မိုးစပါးသီးနှံစိုက်ပျိုးပြီးစီးမှုအနေဖြင့် မဲဇလီရေလွှဲဆည်ရေဖြင့် ၆၀၃၅ ဧက၊ မင်းဘူး(စကု)မြို့နယ် အိုင်းမဆည်ရေဖြင့် ၃၀၀ ဧက၊ ရေစုပ်စက်စနစ်ဖြင့် ၅၀ ဧက စုစုပေါင်း မိုးစပါး သီးနှံဧက ၆၃၈၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံမှ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)