ပွင့်ဖြူ    ၂၉  ဇူလိုင်   


မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်း ၁၄ ကျောင်းတွင် မြစ်ရေများ ဝင်ရောက်ခဲ့သဖြင့် ယာယီပိတ်ထားခဲ့ရပြီး ဇူလိုင် ၂၈ ရက်နေ့က ဧရာဝတီ မြစ်ရေ ပြန်လည်ကျဆင်းသွားပြီဖြစ်၍ ယာယီပိတ်ထားသည့် ကျောင်းအချို့ ပြန်လည်ဖွင့်လှစ်ကာ ကျောင်းသား ကျောင်းသူများကို ပညာသင်ကြားပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။  


ပွင့်ဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာစာသင် ကျောင်း ၁၄ ကျောင်းတွင် မူလတန်းကျောင်း ၁၁ ကျောင်း၊ အလယ်တန်းကျောင်း တစ်ကျောင်း၊ အထက်တန်းကျောင်း တစ်ကျောင်းနှင့် အထက်တန်းကျောင်းခွဲ တစ်ကျောင်း၊ စုစုပေါင်း ကျောင်း ၁၄ ကျောင်း ယာယီပိတ်ထားရကြောင်း သိရသည်။ အဆိုပါ ယာယီပိတ်ထားသည့် ကျောင်းများအနက် ဇူလိုင် ၂၈ ရက်နေ့က ပွင့်ဖြူမြို့နယ် ငါးခြောက်ကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဧရာဝတီမြစ်ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်၍ ကျောင်းပြန်လည်ဖွင့်လှစ်ကာ ကျောင်းသားကျောင်းသူများ စာသင်ချိန် သင်ခန်းစာ နောက်မကျရေးအတွက် သင်ကြားပေးလျက် ရှိကြောင်း အဆိုပါ ငါးခြောက်ကျွန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မီကျော် ထံမှ သိရသည်။ 


ပွင့်ဖြူမြို့နယ် ငါးခြောက်ကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ယခု ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် KG တန်းမှ ဒသမတန်းအထိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၉၉ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ 


ထို့အပြင် ဧရာဝတီမြစ်ရေ ဝင်ရောက်နေဆဲဖြစ်၍ ယာယီပိတ်ထားရသည့် စာသင်ကျောင်းများကိုလည်း ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းပါက ကျောင်းသားကျောင်းသူများ စာသင်ချိန် နောက်မကျစေရေးအတွက် အချိန်နှင့် တစ်ပြေးညီ ဖွင့်လှစ်သင်ကြားပေးရန် ညွှန်ကြားထားရှိကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ခံမြို့နယ် ပညာရေးမှူး ဦးနွေဝင့်ကျော် (ဒုတိယမြို့နယ်ပညာရေးမှူး) ထံမှ သိရသည်။  


ရဲဝင်းနိုင် (ညောင်ဦး)