ပွင့်ဖြူ ၂၂ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဇူလိုင် ၂၂ ရက် ၊ ယနေ့နံနက်ပိုင်းက ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း(၃)ကျောင်း ယာယီပိတ်ထားရကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ယနေ့နံနက်က ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာ၊ မြင်းခြံစုကျေးရွာနှင့် ကူကြီးကျေးရွာတို့ရှိ အခြေခံပညာမူလတန်းကျောင်းများတွင် မြစ်ရေများ နှစ်ပေမှ နှစ်ပေခွဲခန့်အထိ ဝင်ရောက်လာခဲ့၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ဘေးကင်းလုံခြုံစေရန်အတွက် ယာယီပိတ်ထားရခြင်းဖြစ်ပြီး ယနေ့မှ ဇူလိုင် ၂၅ ရက်နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ယာယီပိတ်ထားသည့်ကျောင်းများကို မြစ်ရေကျဆင်းမှုအပေါ်မူတည်ပြီး ကျောင်းသားကျောင်းသူများ၏ ပညာရေးကိုရှေးရှုသောအားဖြင့် စာသင်ချိန်သင်ခန်းစာ နောက်မကျစေရေး ဩဂုတ်လဆန်းပိုင်းတွင် အစားထိုး သင်ကြားပေးသွားရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း တာဝန်ခံ မြို့နယ်ပညာရေးမှူး ဦးနွေဝင့်ကျော်(ဒုတိယမြို့နယ်ပညာရေးမှူး)ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


