ပွင့်ဖြူ ၁၂ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ရာသီစာအဖြစ် ဂွေးသီးများကို တစ်ပိုင်တစ်နိုင် ဂွေးချဉ်လုပ်ငန်းလုပ်ကိုင် ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ဒေးဒရဲကျေးရွာမှ ဂွေးချဉ်လုပ်ငန်း လုပ်ကိုင်ကြသူများထံမှ သိရသည်။
ဒေးဒရဲကျေးရွာတွင် ဂွေးသီးများကို တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေရရှိရေးအတွက် ဂွေးချဉ်လုပ်ငန်းအဖြစ် လုပ်ကိုင်ကြသူ (၅)ဦးခန့်ရှိပြီး ဂွေးချဉ်ဝယ်ယူစားသုံးကြသူများ၍ လုပ်ငန်းမှာတွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိရာ ဂွေးချဉ်တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ရောင်းချနေရကြောင်း သိရသည်။
ဂွေးချဉ်လုပ်ငန်းလုပ်ကိုင်ရာတွင် ဂွေးသီးအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့်ဝယ်ယူ၍ မိသားစုဝိုင်းဖွဲ့ကာ လုပ်ကိုင်ကြသလို လူငှားဖြင့်လုပ်ကိုင်ပါက ဂွေးသီးအလုံးရေ ၁၀၀ လျှင် ဂွေးချဉ်ပြုလုပ်ခ ငွေကျပ် ၂၀၀ နှုန်းပေးပြီး လုပ်ကိုင်ရကြောင်းနှင့် ဂွေးသီးအလုံးရေ ၁၀၀ ဂွေးချဉ်ပြုလုပ်ပါက ၂ ပိဿာခန့် ထွက်ရှိကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် ဂွေးချဉ်ပြုလုပ်၍ ရောင်းချခြင်းအပြင် သရက်သီးပေါ်ချိန် သရက်ချဉ်လုပ်ငန်းကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြကြောင်း၊ သရက်ချဉ်လုပ်ငန်းကို ဝါဆိုလမှ စတင်လုပ်ကိုင်ကာ ရရှိသောသရက်ချဉ်များကို မိမိတို့နေအိမ် များတွင် စဉ့်အိုး(သို့မဟုတ်) ပီနံအိတ်များဖြင့် သေချာစွာထိန်းသိမ်းထားရှိပြီး သီတင်းကျွတ်လတွင် ပြန်လည်ရောင်းချ ကြပြီး သရက်ချဉ်တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၊ ၁၆၀၀ ခန့် ရောင်းချရကြောင်း ဒေးဒရဲကျေးရွာမှ ဂွေးချဉ်လုပ်ငန်း လုပ်ကိုင်ကြသူ ဦးမောင်မြ က ပြောသည်။
ရဲဝင်းနိုင် ( ပြန်/ဆက် )


