ပွင့်ဖြူ  ၂၉  နိုဝင်ဘာ       

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ရေဘေး၊ လေဘေး၊ မီးဘေး ကပ်ကြီး(၃)ပါးမှ ကင်းဝေး စေရန်အတွက် ရည်ရွယ်၍ ရှင်ဥပဂုတ္တမထေရ် မီးမျှောပူဇော်ပွဲအား နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပပြုလုပ် လျက်ရှိရာ ယခုနှစ်တွင်လည်း ရှင်ဥပဂုတ္တမထေရ်မြတ် မီးမျှောပူဇော်ပွဲကို ယနေ့ည ၇ နာရီအချိန်တွင် ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်အနီး မုန်းချောင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ရှင်ဥပဂုတ္တမထေရ်မြတ် မီးမျှောပူဇော်ပွဲကို ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်မှ လူငယ်များအဖွဲ့က ဦးဆောင်၍ ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် လူစုလူဝေးမဖြစ်စေရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ယခင်နှစ်က  ရှင်ဥပဂုတ္တမထေရ်မြတ် မီးမျှောပူဇော်ပွဲကို ဆီမီး(၃၀၀၀) ထွန်းညှိပူဇော်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သော်လည်း ယခုနှစ် (၂၇)ကြိမ်မြောက် ရှင်ဥပဂုတ္တမထေရ်မြတ် မီးမျှောပူဇော်ပွဲကို ဆီမီး(၁၅၀၀) ထွန်းညှိ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်မှ ရှင်ဥပဂုတ္တမထေရ်မြတ် မီးမျှောပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစည်သူမောင်မောင် ထံက သိရသည်။

 

ရှင်ဥပဂုတ္တမထေရ်မြတ် မီးမျှောပူဇော်ရာတွင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများက မီးမျှောပူဇော်ပွဲ ကျင်းပရာ မုန်းချောင်းသို့ လာရောက်ပြီး ဆီမီးများထွန်းညှိပူဇော်ကာ ရေဘေး၊ လေဘေး၊ မီးဘေး ကပ်ကြီး(၃)ပါးမှ ကင်းဝေးစေရန် ဆုများတောင်း၍ ရှင်ဥပဂုတ္တမထေရ်မြတ်အား ဖောင်တော်ဖြင့် မုန်းချောင်းတစ်လျှောက် မီးမျှောပူဇော်ကြပြီး အဆိုပါ ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးအား မုန်းချောင်းအနီးကျေးရွာများမှ ဝတ်အသင်းအဖွဲ့များက ကြိုဆိုဦးခိုက်ပူဇော်၍ ဝတ်ရွတ် ပူဇော်ကြကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ပြန်/ဆက်)