ပွင့်ဖြူ ၂၄ ဇွန်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ အစားအသောက်နှင့် ပတ်သက်၍ ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် ကုန်ပစ္စည်းအမျိုးအစားအလိုက် ပါရှိရမည့် ကုန်ပစ္စည်း အညွှန်းအမှတ်အသားများနှင့် စပ်လျဉ်းပြီး လိုက်နာရန်စည်းကမ်းချက်များကို ပညာပေးဆွေးနွေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးအောင်ဖြိုးဝေ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ဇွန် ၂၃ ရက် နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရန်နှင့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်ပစ္စည်းများ စနစ်တကျ ရောင်းချလာစေရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်တာဝန်ခံ ဦးအောင်ဖြိုးဝေ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ကုန်းဇောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော် မြင့်နှင့် ရာအိမ်မှူးများ လိုက်ပါ၍ ကုန်းဇောင်းကျေးရွာရှိ စားသောက်ကုန်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေး လုပ်ငန်းရှင်များထံ သွားရောက်ပြီး စားသောက်ကုန်ပစ္စည်းများ ရောင်းချရာ၌ ကုန်ပစ္စည်းအမျိုးအစားအလိုက် ပါရှိရမည့် ကုန်ပစ္စည်းအညွှန်း အမှတ်အသားများနှင့် စပ်လျဉ်းသည့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁)၊ ပုဒ်မ(၁)၊ (ခ)၊ အခန်း(၁၈)၊ ပုဒ်မ(၄၁)၊ (၄၃)၊ (၇၃)ပါ ရေးသားဖော်ပြရမည့်အချက်များ၊ ပြစ်မှုပြစ်ဒဏ်များ ပါဝင်သော ပြဋ္ဌာန်းချက်များကို ပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြပြီး လုပ်ငန်းရှင်များ သိရှိလိုက်နာနိုင်ရေး စားသောက်ကုန်ပစ္စည်း အညွှန်းအမှတ်အသားများနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များကို ဝေငှဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးခြင်းများ ဆောင်ရွက်အပြီးတွင် ကျေးရွာရှိ စားသောက်ကုန်ပစ္စည်းမျိုးစုံ ရောင်းချနေသည့် ကုန်စုံဆိုင် (၆)ဆိုင်အား ပြည်သူများ အစားအစာဘေးကင်းလုံခြုံမှုရှိစေရန် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)
