ပွင့်ဖြူ ၃၀ မေ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ မေ ၂၂ ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု အုပ်စု ၇ အုပ်စုမှ လူနေအိမ်များ အမိုးလန်ပျက်စီးခြင်း၊ ပြိုလဲပျက်စီးခြင်းနှင့် သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများအတွက် လေဘေးသင့်ပြည်သူများထံ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပံ့ပိုးပေးအပ်ပွဲကို မေ ၂၈ ရက်၊ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ကုလားဟောင်းကျေးရွာအုပ်စုရှိ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပံ့ပိုးပေးအပ်ရာတွင် ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက အဖွင့်အမှာစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်စိုးက သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီး သည့်လူနေအိမ်များအတွက် ထောက်ပံ့ငွေပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ က အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ထိခိုက်ပျက်စီးမှုများ လျော့နည်းသက်သာစေရေး အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားရှိရန်ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ကုလားဟောင်းကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ဒေသခံပြည်သူများကိုယ်စား နိုင်ငံတော်မှ လူသားချင်း စာနာထောက်ထားမှုအနေဖြင့် ကျေးရွာအရောက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပံ့ပိုးပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့ နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု ၇ အုပ်စုမှ လူနေအိမ် တစ်စိတ်တစ်ပိုင်း အမိုးလန်ထိခိုက် ပျက်စီးခဲ့သည့် အိမ်ထောင်စု ၄၀၃ စု အတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀ဝ၀ဝ နှုန်းကို လည်းကောင်း၊ ပြုလဲပျက်စီးသည့် အိမ်ထောင်စု ၄ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် ၁၀ဝ၀ဝ၀ နှုန်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၉ မျိုးကိုလည်းကောင်း၊ လေဘေးသင့်ပြည်သူ စုစုပေါင်း ၁၆၉၅ ဦးအတွက် လူတစ်ဦးလျှင် စားနပ်ရိက္ခာ ဆန်ဖိုးငွေ ၂၁၀ဝ နှုန်းဖြင့် ထောက်ပံ့ငွေကျပ် ၃၅၅၉၅၀ဝ ကိုလည်းကောင်း၊ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းနှင့် ဇရပ်တစ်ခု၊ ထိခိုက်ပျက်စီးမှုအတွက် ထောက်ပံ့ငွေကျပ် ၂၅၀ဝ၀ဝ ကိုလည်းကောင်း၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၂၂၆၉၅၀ဝ အား လေဘေးသင့် ပြည်သူများထံ အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထို့နောက် မေ ၂၆ ရက်နေ့က ထပ်မံလေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ်ကျောင်းတော်ရာကျေးရွာ အုပ်စု ကျောင်းတော်ရာကျေးရွာနှင့် ဇောင်ချမ်းကုန်းကျေးရွာတို့မှ တစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီး လူနေအိမ် ၁၇ လုံးအတွက် တစ်အိမ်လျှင် ထောက်ပံ့ငွေကျပ် ၂၀ဝ၀ဝ သောင်းနှုန်း၊ လူတစ်ဦးလျှင် စားနပ်ရိက္ခာ ဆန်ဖိုးငွေ ၂၁၀ဝ နှုန်းဖြင့် လူဦးရေ စုစုပေါင်း ၅၈ ဦးအတွက် ထောက်ပံ့ငွေကျပ် ၁၂၁၈၀ဝ တို့ကို တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)