ပွင့်ဖြူ ၄ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က နိုဝင်ဘာ ၃ ရက် ညနေ ၃ နာရီခွဲက မြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိသော မဲရုံများတွင် လျှပ်စစ်မီးသွယ်တန်းထားရှိမှုများနှင့် စပ်လျဉ်းပြီး အဆင်ပြေမှု ရှိ/မရှိနှင့် လျှပ်စစ်အန္တရာယ် ဘေးကင်းလုံခြုံမှု ရှိ/မရှိ သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ရွေးကောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ထားရှိသော မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲ လာရောက်ပေးရာတွင် အခက်အခဲမဖြစ်စေရန်နှင့် လုံလောက်သောအလင်းရောင်ကောင်းစွာ ရရှိစေရေးအတွက် လျှပ်စစ်မီးများ သွယ်တန်းတပ်ဆင်းထားရှိရာ ယမန်နေ့ ညနေပိုင်းက မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ဦးဆောင်သော လျှပ်စစ်လိုင်းတာဝန်ခံ ဦးလှဝင်းအောင်နှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ကျောင်းတော်ကျေးရွာနှင့် ပြည်လုံးကျော်ကျေးရွာရှိ မဲရုံများသို့ သွားရောက်ပြီး လျှပ်စစ်မီးစနစ်တကျ သွယ်တန်းတပ်ဆင်ထားမှု ရှိ/မရှိနှင့် လျှပ်စစ်အန္တရာယ် ဘေးကင်းလုံခြုံမှု ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေစွာမဲပေးနိုင်ရေးအတွက် မဲရုံပေါင်း (၁၆၃)ရုံ လျာထား စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ အဆိုပါ မဲရုံအသီးသီးတွင် မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးရာတွင် အခက်အခဲမဖြစ်စေရေးအတွက် လုံလောက်သော အလင်းရောင်ရရှိရေး အတွက် လျှပ်စစ်မီးများ စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။ မဲရုံများတွင် စီစဉ်ဆောင်ရွက် ထားရှိသော လျှပ်စစ်မီး တပ်ဆင် ထားရှိမှုအခြေအနေများ အဆင်ပြေမှု ရှိ/မရှိ စစ်ဆေးခြင်းကို ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာမဲရုံများအား ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်က ပြောကြားသည်။
ရဲဝင်းနိုင် (ညောင်ဦး)


