ပွင့်ဖြူ ၁၉ မေ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ထော်လာဂျီယာဉ်များအား လိုင်စင်သက်တမ်းတိုးခြင်း၊ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းနှင့် ယာဉ်မောင်းလိုင်စင်အသစ် ပြုလုပ်ခြင်းတို့ကို မေ ၁၈ ရက် နံနက်ပိုင်းက မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်မော်က ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်အတွက် လမ်းအသုံးပြုသူတိုင်း လိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ယာဉ်လိုင်စင်များ ပြုလုပ်ပေးရာ ယာဉ်နှစ်လဲ ၁၂ စီး၊ ခရီးလွန် ၁ စီး၊ ဆိုင်ကယ် ၇၈ စီးနှင့် ယာဉ်မောင်းလိုင်စင် ပြုလုပ်ပေးခြင်းတွင် လိုင်စင်သက်တမ်းတိုး ၁၃ စောင်၊ သင်မောင်းလိုင်စင် ၁ စောင်၊ ‘က’ လိုင်စင် သက်တမ်းတိုး ၅၂ စောင်တို့ကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)