ပွင့်ဖြူ မေ ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် နွေနှမ်းစိုက်ခင်းများနှင့် မိုးကြိုသီးနှံစိုက်ခင်း ဧက လေးသောင်းကျော် ရေနစ်မြုပ်ပျက်စီးဆုံးရှုံးခဲ့သည်။
မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့၍ နွေနှမ်း ၃၇၈၂၈ ဧက၊ မိုးကြိုသီးနှံအဖြစ် စိုက်ပျိုးထားသည့် ပဲတီစိမ်း စိုက်ခင်း ဧက ၃၁၈၀၊ နေကြာသီးနှံ ဧက ၂၀ တို့ ရေနစ်မြုပ်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ရာ စုစုပေါင်း သီးနှံစိုက်ဧက ၄၁၀၂၈ ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါး ဧက ၁၄၁၃၀၊ နွေနှမ်း ၄၈၀၇၈ ဧက စုစုပေါင်း နွေသီးနှံ စိုက်ဧက ၆၂၂၀၈ ဧက စိုက်ပျိုးထားရှိကြောင်း၊ ထို့အပြင် သီးနှံဝင်ငွေ တိုးပွားရေးအတွက် မိုးကြိုသီးနှံအဖြစ် ပဲတီစိမ်းသီးနှံ ၅၆၂၄ ဧကနှင့် နေကြာသီးနှံ ဧက ၂၀ ကို စိုက်ပျိုးထားကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)