ပွင့်ဖြူ   ၂၆    ဩဂုတ်


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ရာသီစာပိန်းဉ စိုက်ပျိုးတောင်သူများ အထွက်နှုန်းကောင်းမွန်သည့်အပြင် ယခင်နှစ်ကထက် ဈေးပိုရောင်းချရသဖြင့် လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် သရက်အုပ် ကျေးရွာအုပ်စု၊ ပိန္နဲတောကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။  


ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ ယောစုကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ပိန္နဲတောကျေးရွာနှင့် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများသည် မုန်းချောင်းရေကိုအမှီပြု၍ ဉယျာဉ်ခြံမြေများ ပြုလုပ်ကာ ဟင်းသီးဟင်းရွက် သီးနှံစားပင်မျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး အဆိုပါ စားပင်သီးနှံများတွင် ရာသီစာသီးနှံဖြစ်သည့် ပိန်းဉသီးနှံကိုလည်း ဈေးကွက်ရှိသည့်အတွက် အားထားစိုက်ပျိုးကြကြောင်း သိရသည်။ ပိန်းဉသီးနှံသည် စိုက်ပျိုးပြီး (၆)လကြာပါက ရောင်းတန်းဝင် ပိန်းဉများကို တူးဖော်ရောင်းချရကြောင်း၊ ယခင်နှစ်က ပိန်းဉပေါ်ချိနတွင် တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀ ခန့်သာ ရောင်းချခဲ့ရပြီး ယခုနှစ် ပိန်းဉပေါ်ချိန် တွင် တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချနေရ၍ ပိန်းဉသီးနှံစိုက်ပျိုးတောင်သူများ သီးနှံဝင်ငွေ ပိုမိုရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။ 


“ကျွန်မတို့ ကျေးရွာမှာရှိတဲ့ တောင်သူတွေဟာ မုန်းချောင်းရေကို အမှီပြုပြီး စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ပိန်းဉဈေးနှုန်းက တစ်ပိဿာကို ငွေကျပ် ၁၂၀၀ လောက်သာ အရောင်းအဝယ်ရှိပါတယ်။ ဒီနှစ်မှာတော့ တစ်ပိဿာကို ငွေကျပ် ၁၅၀၀ ဈေးနဲ့ ရောင်းချနေရပါတယ်။ ဒါ့ကြောင့် ပိန်းဉစိုက်ပျိုးတဲ့ တောင်သူတွေအတွက် လုပ်ငန်းအဆင်ပြေကြပါတယ်။ ပိန်းဉသီးနှံစိုက်ပျိုးရာမှာ တစ်ချို့က သီးသန့်စိုက်ပျိုး ကြသလို တချို့ကျလည်း သီးညှပ်ရောနှော စိုက်ပျိုးကြပါတယ်။ ကျွန်မကတော့ ပိန်းဉစိုက်ပျိုးရာမှာ ရေလောင်း၊ ပေါင်းထိုးခစရိတ် သက်သာစေဖို့အတွက် သီးညှပ်အဖြစ် ရုံးပတီသီးနှံကို ရောနှောစိုက်ပျိုးတာဖြစ်ပါတယ်။ ကျွန်မတို့ မြို့နယ်ဟာ စိုက်ပျိုးရေပေါကြွယ်ဝတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းပါတယ်။ ယခု ပိန်းဉ တူးဖော်ပြီးသွားရင် ခရမ်းညိုသီးနှံကို ဆက်လက်စိုက်ပျိုးသွားမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ပိန္နဲတောကျေးရွာမှ ပိန်းဉစိုက်ပျိုးတောင်သူ ဒေါ်ချိုချိုစန်းက ပြောသည်။  

 
ရဲဝင်းနိုင်(ညောင်ဦး)