ပွင့်ဖြူ   ၂  ဇူလိုင် 


    
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေမှ စိုက်ပျိုးရေရယူသုံးစွဲရာတွင် စနစ်တကျ ရယူသုံးစွဲသည့် အလေ့အကျင့်များရရှိစေရေး အသိပညာပေး ဆွေးနွေးခြင်းနှင့်  Water User Group ( WUG ) ရေအသုံးချသူများအဖွဲ့  ဖွဲ့စည်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ စိုက်ပျိုးရေရယူအသုံးပြုသည့် ဒေသခံတောင်သူ ၄၆ ဦး တက်ရောက်ခဲ့ကြပြီး မကွေးတိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၃)မှ ဒုတိယညွှန်ကြားရေးမှူး ဦးနီထွန်း၊ မင်းဘူးခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးလှိုင်နှင့် ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင် တို့က ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးရေးအတွက် မဲဇလီရေ လွှဲဆည်ရေမှ ဆည်ရေကို စနစ်တကျ အကျိုးရှိစွာ သုံးစွဲသွားရန်နှင့် ယင်းကဲ့သို့ စိုက်ပျိုးရေ အကျိုးရှိစွာ သုံးစွဲနိုင်ရေးအတွက် Water User Group ( WUG ) ရေအသုံးချသူများအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်သွားရန် ဆွေးနွေး ပြောကြားသည်။ 

 

ဆက်လက်၍ တာဝန်ရှိသူများအဖွဲ့က တက်ရောက်လာသည့် ဒေသခံတောင်သူများ၏ ဆန္ဒသဘောထားနှင့် အညီ ရေအသုံးချသူများ အဖွဲ့ကို ဖွဲ့စည်း၍ အဖွဲ့ခေါင်းဆောင်တင်မြှောက်ခြင်း ၊ အဖွဲ့ဝင်များ သတ်မှတ်ပေးခြင်းတို့ကို ဆောင်ရွက်ကာ ရေအသုံးချသူများအဖွဲ့ ခေါင်းဆောင်၏ တာဝန်နှင့် ဝတ္တရားများ၊ အဖွဲ့ဝင်များ၏ တာဝန်နှင့် ဝတ္တရားများ ၊ ရေအသုံးချသူများ အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ချပြရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ 

 

ထို့နောက် ဒေသခံတောင်သူများက စိုက်ပျိုးရေ စနစ်တကျသုံးစွဲရေးဆိုင်ရာ နည်းလမ်းများ ၊ စိုက်ပျိုးရေးလုပ်ငန်းတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။  

 

ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာအနေဖြင့် မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေဖြန့်ဝေ ပေးလျက်ရှိသည့် မြောင်းမကြီးများနှင့် ရေလက်တံမြောင်းများ ရေရှည်တည်တံ့နိုင်စေရေးအတွက် ဆည်ရေသောက်ဧရိယာ အတွင်းရှိ ဒေသခံတောင်သူများကို စိုက်ပျိုးရေအကျိုးရှိစွာ စနစ်တကျ သုံးစွဲတတ်သည့်အလေ့အကျင့်များရရှိစေရန် ယခု ကဲ့သို့ Water User Group ( WUG ) ရေအသုံးချသူများအဖွဲ့  ဖွဲ့စည်းဆောင်ရွက်ခြင်းကို စဉ်ဆက်မပြတ် ဖွဲ့စည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင် ထံမှ သိရသည်။  

 

 ရဲဝင်းနိုင် ( ညောင်ဦး )