ပွင့်ဖြူ ၁၃ မေ     
 
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်၌ တောင်သူများ ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်ထားရှိသည့် နွေသီးနှံနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိနေကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ နွေနှမ်းစိုက်ပျိုးတောင်သူများထံမှ သိရသည်။ 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၁၈ - ၂၀၁၉ ခုနှစ်၊ နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေသောက်စနစ်ဖြင့် နွေနှမ်းစိုက်ဧကပေါင်း ၂၁၅၁၃ ဧက ရှိပြီး ၊ နွေစပါးသီးနှံစိုက်ဧက ပေါင်း ၃၁၀၄၃ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။ 

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က ဒေသခံတောင်သူတွေဟာ မဲဇလီရေလွှဲဆည်ရေသောက်စနစ်ဖြင့် နွေသီးနှံစိုက်ပျိုး ရာသီချိန်မှာ နွေနှမ်းသီးနှံကို အားထားစိုက်ပျိုးကြပါတယ်။ ပြီးခဲ့တဲ့နှစ်က နွေသီးနှံနှမ်းစိုက်ခင်းတွေ ရိတ်သိမ်းခါနီးကျမှ မိုးရွာသွန်းမှုများပြီး တောင်သူတော်တော်များများ နွေနှမ်းစိုက်ခင်းတွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဒီနှစ်တော့ ဘယ်လိုဖြစ် အုံးမယ် မသိသေးပါဘူး။ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ တောင်သူတွေ ရေဖျန်းစနစ်နဲ့ စိုက်ပျိုးထားရှိတဲ့ နွေနှမ်း စိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းလျက်ရှိနေပါတယ်။ ဒီနှစ်နွေက အရမ်းပူတော့ နွေနှမ်းစိုက်ပျိုးတောင်သူတွေ နွေနှမ်း စိုက်ခင်းတွေကို မနက်/ည ရေဖျန်းပေးနေရပါတယ်။ ကျွန်တော်တို့ ဒေသမှာ စိုက်ပျိုးရေအတွက် ပူပင်စရာမရှိတော့ သီးနှံစိုက်ပျိုးရတာ အခက်အခဲမရှိပါဘူး အားလုံးအဆင်ပြေပါတယ်။ ယခုနှစ်မှာ ကျွန်တော်တို့မြို့နယ်မှာ တောင်သူတွေ ရေဖျန်းစနစ်နဲ့ စိုက်ပျိုးဆောင်ရွက်ထားရှိသည့် နွေနှမ်းစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းလျက်ရှိတာကြောင့် သီးနှံသိမ်းဆည်းချိန်မှာ ဈေးကောင်းကောင်းနဲ့ ရောင်းရဖို့အတွက် မျှော်လင့်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာမှ နွေနှမ်းစိုက်ပျိုးတောင်သူများက ပြောပြသည်။  

ရဲဝင်းနိုင် (ညောင်ဦး)